Thursday, June 6, 2013

နှစ်ဖက်စလုံးကသာ ကတိတည်ကြမည် ဆိုပါက ငြိမ်းချမ်းရေးမှာ ရသလောက်ဖြစ်နေပြီဟု ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ပြောကြား

(Eleven Media Group)

အစိုးရဘက်နှင့် တိုင်းရင်းသား လက်နက်ကိုင် များ နှစ်ဖက်စလုံးကသာ ကတိတည်ကြမည် ဆိုပါက ပြည်တွင်းငြိမ်းချမ်းရေးမှာ ရသလောက် ဖြစ်နေပြီဟု ပြောနိုင်ကြောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

"အတွေ့အကြုံအရ ကျွန်တော်တို့ တွေ့တွေ့နေတာက နားလည်မှု ယူထားကြတယ် ဆိုပေမယ့်လည်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးကို တကယ်သဘော တူညီကြပြီ ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ပစ်ခတ်တာတွေ မရှိဖို့ လိုတယ်လေ။ အဲလိုမဟုတ်ဘဲ ပစ်ခတ်တာတွေ လုပ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက တည်ဆောက်ဖို့ ခက်လိမ့်မယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက် စလုံးကတော့ ကိုယ်ထိုးထားတဲ့ ငြိမ်းချမ်းရေး ကတိကို တည်ဖို့ အရေးကြီးတယ်" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။


ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်မူ ပစ်ခတ်မှုအချို့ ရှိနေသော်လည်း ငြိမ်းချမ်းရေး ရပြီဟု ပြောနိုင်ကြောင်းနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့်သာ ငြိမ်းချမ်းရေး ယူပြီးပါက လာမည့် ၂၀၁၄ တွင် အစိုးရဘက်မှ ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည့် ပင်လုံကဲ့သို့သော ညီလာခံမှာ ဖြစ်ပေါ်လာနိုင်သည်ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

အတွေ့အကြုံအရ ကျွန်တော်တို့ တွေ့တွေ့နေတာက နားလည်မှု ယူထားကြတယ် ဆိုပေမယ့်လည်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးကို တကယ်သဘော တူညီကြပြီ ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ပစ်ခတ်တာတွေ မရှိဖို့ လိုတယ်လေ။ အဲလိုမဟုတ်ဘဲ ပစ်ခတ်တာတွေ လုပ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက တည်ဆောက်ဖို့ ခက်လိမ့်မယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက် စလုံးကတော့ ကိုယ်ထိုးထားတဲ့ ငြိမ်းချမ်းရေး ကတိကို တည်ဖို့ အရေးကြီးတယ် . . . . .

ပြီးခဲ့သည့် မေ ၂၈ ရက်မှ ၃၀ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာပြည်တွင်း ပထမဆုံး တွေ့ဆုံမှုအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကိုယ်တိုင် တက်ရောက်ခဲ့ပြီး သဘောတူညီချက် များမှာလည်း ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းသည်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

"သူကလည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာရ ကိုယ်စားလှယ် တစ်ဦးဆိုတော့ ဒါကောင်းတဲ့ လက္ခဏာပဲပေါ့။ ဟိုတုန်းကတော့ ဒီလို အခြေအနေမျိုးက မဖန်တီးခဲ့ဘူးလေ။ ဒါက ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်က တဖြည်းဖြည်းနဲ့ မှန်ကန်တဲ့ လမ်းဘက်ကို ရွေ့လျားနေတယ်ဆိုတာ ဒါကသက်သေပဲလေ။ အခုတော့ ဒီလိုပြောမယ်။ နောက်ပြောကြပြုကြရင်းနဲ့ လက်မှတ်ထိုးကြမယ် ဆိုရင်တော့ ရလာနိုင်တယ်လို့တော့ မြင်ပါတယ်" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

ထို့ပြင် ဦးခွန်ထွန်းဦးက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းသည့် ညီလာခံကြီးတစ်ခုကို လိုလားကြောင်းနှင့် သို့မှသာ နိုင်ငံရေး ပြဿနာကို နောက်ထပ် မပေါ်ရန် ထဲထဲဝင်ဝင် ဆွေးနွေးနိုင်သည့် အခြေအနေမျိုး ဖန်တီးနိုင်မည်ဖြစ်ကာ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို အဆိုပါ နည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟုလည်း ပြောကြားသည်။

ယခုလအတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ယင်းတွေ့ဆုံမှုမှာလည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးကြရန် ခြေလှမ်းတစ်ရပ် အဖြစ်မြင်ကြောင်း ဦးခွန်ထွန်းဦးက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် KIO/KIA နှင့်လည်း မကြာမီ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သမ္မတဦးသိန်းစိန်က ဇွန် ၂ ရက်က ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။