Thursday, June 13, 2013

ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်ရဲ့ သဘောထားအဓိက ဖြစ်တယ်လို့ SSA ပြော

(RFA)


 မြန်မာနိုင်ငံမှာ  သမ္မတ ဦးသိန်းစိန် အစိုးရ  အကောင်ထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အတွက်ဆိုရင်    တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အပေါ်ထားရှိတဲ့  တပ်မတော်ရဲ့ သဘောထားကြီးမှု အပေါ်မှာ အဓိက မူတည်နေတယ်လို့ RCSS/ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဌ ဒုတိယ ဗိုလ်ချုပ် ကြီး ယွက်ဆစ်က ပြောကြား လိုက်ပါတယ်။ 


ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဟာ နှစ်ပေါင်း ၅၀ နီးပါး ကာလအတွင်း သမိုင်းဝင်တွေ့ဆုံမှု အဖြစ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့ညဘက်က ချတ်ထရီယံဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အဲဒီနောက် ဆက်လက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တပ်မတော်ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ RFA က မေးမြန်းတာကို အခုလို ဖြေကြားခဲ့တာပါ။

RCSS အနေနဲ့ အစိုးရနဲ့ အပစ်ခတ် ရပ်စဲပြီးဖြစ်ပေမဲ့ အပစ်အခတ်ရပ်စဲပြီး ကာလနောက်ပိုင်း တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ တာဟာ မြန်မာစစ်တပ်က စတင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် RCSS အနေနဲ့ ခုလို မြန်မာစစ်တပ်နဲ့ ထိပ်တိုက်တွေ့တာတွေ ရှိနေပေမဲ့ လာမယ့် ရက်ပိုင်းအတွင်း ပြုလုပ်မှာဖြစ်တဲ့ သမ္မတရုံး ၀န် ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးကိစ္စ ကို ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

RCSS ဥက္ကဌ ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ဦးဟန်ညောင်ဝေ တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု အကြောင်းကိုတော့ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပါဘူး။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။