Thursday, June 6, 2013

အိန္ဒိယ အရှေ့မြောက် သူပုန်များ အရေး ပြည်နယ် ဝန်ကြီးချုပ်များ ဆွေးနွေး

(Mizzima)

မန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြသော အိန္ဒိယ အရှေ့မြောက်ဒေသ သူပုန်များ နှိမ်နင်းရေးအတွက် ဗဟိုအစိုးရထံမှ အကူအညီရယူရန် ပြည်နယ်ဝန်ကြီးချုပ်များ ဇွန်လ ၅ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသော မဏိပူရ၊ နာဂလဲန်း၊ အရူနာချာ ပရာဒေ့ရှ်တို့အပြင် အာသံနှင့် မဂါလာယာပြည်နယ်များမှ ဝန်ကြီးချုပ်များက သူပုန်များ၏ စစ်သင်တန်းများ၊ လက်နက်ထောက်ပံ့ရေး လမ်းကြောင်း များနှင့် ခိုလှုံနေထိုင်ရာများကို ပိတ်ဆို့ရန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ယနေ့ထုတ် The Statesman သတင်းစာက ရေးသားသည်။



“မြန်မာပြည်ဟာ အိန္ဒိယ အရှေ့မြောက်ပြည်နယ် သူပုန်များ ခိုလှုံရာရာ တိုင်းပြည်တပြည် ဖြစ်နေဆဲဖြစ်ပြီး ဘူတန်နိုင်ငံမှာ သူပုန်စခန်းများ ပြန်ဖွင့်ဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်” ဟု အာသံဝန်ကြီးချုပ် Tarun Gogoi က ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်သည် ၁,၆၃၁ ကီလိုမီတာ ရှည်လျားပြီး မဏိပူရ ပြည်နယ်မှ လက်နက်ကိုင် သူပုန် ရှစ်ဖွဲ့ထက်မနည်း မြန်မာပိုင်နက်ထဲတွင် ခိုလှုံနေထိုင်ကြကြောင်း အိန္ဒိယ သတင်းစာများတွင် ရေးသားကြသည်။

ထိုသူပုန်များကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ရေးအတွက် အိန္ဒိယ အစိုးရသည် မြန်မာ စစ်တပ်ထံမှ မကြာခဏ အကူအညီ ရယူခဲ့ဖူးသည်။ လွန်ခဲ့သော လများမှ စတင်ကာ မဏိပူရသူပုန်အချို့ လက်နက်ချ အလင်းဝင်ရောက်လာ မှုများ မကြာခဏ ဖြစ်ပေါ်လာခဲ့သည်။

ထိုစဉ်က နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအနေနှင့် မြန်မာနှင့် အိန္ဒိယ စစ်တပ်သည် ပုံမှန်ပင်
တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ အရှေ့မြောက် လက်နက်ကိုင် လှုပ်ရှားမှုများ အပါအဝင် နယ်စပ်လုံခြုံမှု စီမံခန့်ခွဲရေး ကိစ္စများကို ဆွေးနွေးလေ့ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။