Wednesday, June 5, 2013

ရခိုင်အမျိုးသား တပ်မတော်ကို တမျိုးသားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရန် ခိုင်မိုးလင်းကျဆုံးသည့် (၃၆) နှစ်မြှောက် နေ့တွင် ALP တိုက်တွန်း

(နိရဉ္စရာ- ၅ ဇွန် ၂၀၁၃)

ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးသည့် (၃၆) နှစ်မြောက် နှစ်ပတ် လည်နေ့တွင် ခေတ်မှီ ကျစ်လစ်သော ရခိုင်အမျိုးသား တပ်မတော် တစ်ရပ်ကို ရခိုင်တမျိုးသားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ALP က တိုက်တွန်း ပြောဆို လိုက်သည်။

ဇွန်လ  ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင် လွတ်လပ်ရေး တပ်မတော် (ALA) အား  စတင် တည်ထောင်ခဲ့သူ ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့သည့် (၃၆) နှစ်မြောက်နေ့ ကြေငြာချက် ထုတ်ပြန်ရာတွင် ထိုသို့ တိုက်တွန်း ဖေါ်ပြထားခြင်း ဖြစ်သည်။

 
ကျေညာချက်ထဲတွင် ဇွန်လ ၄ ရက် ယနေ့သည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ နှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ၏ ဖခင်ကြီး ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးသည့် (၃၆) နှစ် အာဇာနည်နေ့ ဖြစ်ကြောင်း ဦးစွာ ဖေါ်ပြသည်။

၎င်းနောက် ဥက္ကဌ ခိုင်မိုးလင်း ကရင်ပြည် ကော့်မူးရာဒေသတွင် ALP နှင့် ALA တို့ကို အခက်အခဲ အကျပ်အတည်းများစွာကြားထဲမှ တည်ထောင်ပြီး မိုင်ပေါင်း၂၀၀၀ ကျော်ဝေးသော ရခိုင်ပြည်သို့ ချီတက်ခဲ့ကြောင်း စသဖြင့် ဥက္ကဌ ခိုင်မိုးလင်း၏ လုပ်ဆောင်ချက်များထဲမှ အချက်အလက် တချို့ကို အနည်းငယ် ကောက်နုတ်   ဖေါ်ပြသည်။

ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ခြင်းသည် ရခိုင်ပြည်သူများ အတွက် တန်ဖိုး မဖြတ်နိုင်သည့် ဆုံးရှုံးမူ ဖြစ်သကဲ့သို့ မေ့ပျောက် မရနိုင်သည့် သမိုင်း ဖြစ်ရပ် တစ်ခုဖြစ်ကြောင်း ဖေါ်ပြသည်။

လက်ရှိ ရခိုင်ပြည် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ကြေငြာချက်တွင် သုံးသပ် ဖေါ်ပြရာ ယနေ့ ကာလသည် မြန်မာနိုင်ငံ၏ အလှည့်အပြောင်းကာလ ဖြစ်သဖြင့် ရခိုင်အမျိုးသားများ အနေဖြင့် အထူး သတိထားရမည့် အချိန်ကာလ ဖြစ်ကြောင်း၊ ယင်းအပြင် လက်ရှိ ရခိုင်၏ အနေအထားသည် Burmanization နှင့် Islamization စစ်မျက်နာ (၂) ခုကြား ရောက်နေသည့် အတွက် ရခိုင် အမျိုးသားတို့၏ ရပ်တည်ရေးပိုင်းကို ခြိမ်းခြောက်လျှက် ရှိကြောင်း၊ အုပ်ချုပ်သူ အဆက်ဆက်သည် ရခိုင် အမျိုးသားများပိုင် သယံဇာတများအား “ ရောင်းလို့ရတာ အကုန်ရောင်း မူဝါဒ” ဖြင့် ရခိုင်အမျိုးသားများ၏ ဆန္ဒမပါဘဲ ရောင်းချ ဖျက်ဆီးလျှက် ရှိကြောင်း ဖေါ်ပြသည်။

နိဂုံးချုပ် အနေဖြင့် ကြေငြာချက်တွင် ဖေါ်ပြရာတွင်  ဤသို့သော အခြေအနေမျိုးအောက်တွင် ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင့် ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေး အတွက် ရခိုင့် အချုပ်အချာ အာဏာ ရခိုင်တို့ လက်ထဲ ပြန်ရောက်ရေးသည် အဓိက ဦးစားပေး လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်ကြောင်း၊ ထိုအချုပ်အချာကို ပြန်လည် ရယူရန်နှင့် ထိန်းသိမ်းကာကွယ်ရန် အတွက် ခေတ်မှီ ကျစ်လစ်သော ရခိုင်အမျိုးသား တပ်မတော် တစ်ရပ်ကို ရခိုင်တမျိုးသားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဥက္ကဌ ခိုင်မိုးလင်းသည် တပ်သား ၁၂၀ ခန့်နှင့် အတူ ၁၉၇၆ ခုနှစ်က KNU  ကရင် အမျိုးသား အစည်း အရုံး နယ်မြေ ကရင်ပြည်မှ မဟာမိတ် နယ်မြေများ ဖြစ်ကြသောာ ကရင်နီ၊ ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေများကို ဖြတ်သန်း ချီတက်စဉ် ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဗမာ (မြန်မာ)  စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် ကျဆုံးသွားခဲ့သည်။

ဥက္ကဌ ခိုင်မိုးလင်းအား ဗမာ စစ်တပ်မှ လက်နက်ချခိုင်းသော်လည်း လက်နက် မချဘဲ ပါလာသော ပစ္စတိုနှင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်ဟု သူနှင့် အတူ ချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရဲဘက်များက ပြောသည်။

ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးပြီးနောက် ပါတီမှာ များစွာ အင်အားချိနဲ့ သွားခဲ့ပြီး ကျန်ရှိနေခဲ့သော ခေါင်းဆောင်များက ပါတီကို ဆက်လက် ကြိုးပမ်းထူထောင်ခဲ့သည်။ ယနေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီသည် လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် ရခိုင်ပါတီ  တစ်ခုဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။