Saturday, June 15, 2013

ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင်(၇/၂၀၁၃)

(ရွှေဟင်္သာသတင်းဌာန)

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ စီစဉ်တင်ဆက်သော ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့အမြင်(၇/၂၀၁၃)ကို မွန်နိုင်ငံရေး ပါတီ ဖြစ်သည့် မွန်ပြည်သစ် ပါတီမှ နိုင်တလညီနှင့် အဖွဲ့က တက်ရောက် ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ဆိုပါသည်။ 

ဒါကတော့ မွန်ပြည်သစ် ပါတီရဲ့ အမြင် သဘောထားကို နိုင်တလညီက ဦးဆောင်ပြီး ရှင်းပြသွားတာပါ။ ဖက်ဒရယ် ဆိုတာက ပြည်နယ်နဲ့ ဗဟို အစိုးရတို့ရဲ့ အာဏာ ခွဲဝေခြင်း ပြသနာသာ ဖြစ်တယ်။ အဲဒီ ခွဲဝေရေးမှာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိဖို့ အရေးဟာ အဓိကဖြစ်တယ်။ ဗဟိုအစိုးရကို အာဏာ သတ်မှတ်ပေးပြီး ကြွင်းကျန် အာဏာကို ပြည်နယ်မှာ ရှိရမည် ဆိုတဲ့ မူဘောင်ကို တင်ပြ သွားခဲ့ပါတယ်ဟု ဆိုပါသည်။ 


ယင်းဆွေးနွေးပွဲကိုရန်ကုန်မြို့  ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ၊ ငြိမ်းချမ်းခန်းမတွင် ယနေ့ နေ့လည် ၁ နာရီမှ၃ နာရီအထိ ကျင်းပသွားပြီး လူ (၁၀၀) နီးပါး တက်ရောက် ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီနှင့် မွန်ဒီမိုကရေစီပါတီမှ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်နှင့်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ပါသည်။

ထို့အပြင် ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်)၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့မှ တာဝန်ရှိသူများ ၊ ကယန်းပြည်သစ်ပါတီ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ရှမ်းပည်နယ် လူမျိုးပေါင်းစုံ လွှတ်မြောက်ရေး အဖွဲ့ (ရလလဖ)၊ ၊မသန်စွမ်းသူများ အဖွဲ့ချုပ်၊ i Pace သင်တန်းသားများ၊ အခြားနယ်ပယ် အသီးသီးမှစိတ်ပါဝင်စားသူများနှင့် သတင်း မီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့သည် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင်အခန်း ကဏ္ဍကို အခြား တိုင်းရင်းသား အဖွဲ့များနှင့်လည်း ထပ်မံ ဆွေးနွေးရန် ရှိနေပါသည်။ မည်သည့် အချိန်မည်သည့် လူမျိုးနှင့်ဆွေးနွေးမည်ကို လောလောဆယ် မသိရသေးဟု ဆိုပါသည်။

တိုင်းရင်းသား လူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်ကြသည်။ အစိုးရ အဆက်ဆက်သည် တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို လျစ်လျူရှုပြီး စစ်ပြုခဲ့သည်။ ခွဲထွက်ရေးဟု အကြောင်းပြပြီး ချေမှုန်းခဲ့သည်မှာ ယနေ့အထိ ဖြစ်ပါသည်။ အမှန်မှာ တိုင်းသားတို့၏ ရသင့်သော ရပိုင်ခွင့်ကို ဥပဒေအရ မြင်သာရန် ကျင့်သုံးသော စနစ်ကို လိုလားခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံမှ ခွဲထွက်လိုခြင်း မဟုတ်ဟု ပြောလိုခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။