Monday, June 17, 2013

KNPP နှင့် အစိုးရ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ဆွေးနွေးမည်

(Mizzima)

ကယားပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းတခု ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ ဒုတိယ အကြိမ်အဖြစ် ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး မည်ဟု KNPP မှ အတွင်းရေးမှုး (၂) ဆရာ ရွှေမျိုးသန့် က ပြောသည်။

“ကျနော်တို့ လွိုင်ကော်မှာပဲ ဆွေးနွေးပွဲ လုပ်မှာပါ။ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့နဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။


ပြည်ထောင်စုအဆင့် ပထမ အကြိမ် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီး တနှစ်ကျော်
ကြာမှ ပြန်လည်ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

“ပထမ အကြိမ် ညှိနှိုင်းတဲ့ အတွေ့အကြုံအရ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာအထိ ဖြစ်ခဲ့တာတွေလည်း ရှိတယ်။ မဖြစ်လာတာတွေလည်း ရှိတယ်။ အခုအကြိမ်တော့ တပ်နေ ရာချထားရေးကို အကြိတ်အနယ် ဆွေးနွေးမှာပါ” ဟု ဦးရွှေမျိုးသန့် က ပြောသည်။

ပထမ အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က အစိုးရထံ KNPP မှ တောင်းဆိုချက်များတွင် ရွာသစ် ရေကာတာ တည်ဆောက်ခြင်း ပွင်လင်းမြင်သာမှုရှိရန်နှင့် အစိုးရ စစ်လေ့ကျင်ရေး စခန်း ဖွင့်လှစ်ခြင်းကိစ္စရပ်များ စသည့် ကယား ဒေသခံများ၏ ဆန္ဒများ ပါဝင်ခဲ့ကြောင်း KNPP က ဆိုသည်။

KNPP သည် ၂ဝ၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ဇွန်လ ၉ ရက်နေ့တွင်
ပြည်ထောင်စုအဆင့်နှင့် အချက် ၁၄ ချက်ပါ သဘောတူချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောတူချက် မရရှိသေးပေ။

အဆိုပါ ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နှင့် ပတ်သတ်၍ လွိုင်ကော်ဒေသခံ ကိုအသန်း က “အဓိကက အပစ်အခက် ရပ်ဆဲရေးပဲ မျှော်လင့်လို့ရတယ်။ ငြိမ်းချမ်းရေး ဆိုတာတော့ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊
ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ရမှ တကယ့်ကို ငြိမ်းချမ်းရေးလို့ ပြောလို့ ရတာပါ။ ဒီဆွေးနွေးပွဲနဲ့ ကျနော်
တို့ မျှော်လင့်တာကတော့ အပစ်အခက် ရပ်စဲရေး ခိုင်မာမှုတခု ပိုပြီး အားကောင်းစေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒေသအတွက် စစ်မဲ့နေရာလေး တွ ပိုပြီး ပေါ်ပေါက်လာစေချင်တယ်။ အဲဒီက တဆင့် စစ်မှန်တဲ့ ငြိမ်းချမ်း
ရေး အချိုးအကွေ့ကို ရောက်သွားစေချင်တယ် ” ဟု မဇ္ဈိမကို ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။