Thursday, February 20, 2014

မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည်ဟူသည့် ထိုင်းအာဏာပိုင် စွပ်စွဲမှု DKBA ငြင်းဆို

(Mizzima)

ထိုင်း-မြန်မာ နယ်စပ် စံခလပူရီ မြို့နယ်အတွင်း မြန်မာနိုင်ငံသားတစ်ဦးကို စိတ်ကြွ ဆေးပြား
အလုံးပေါင်း ၁၂,၀၀၀ နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများသည် နယ်စပ်ဘုရားသုံးဆူမြို့ အခြေစိုက် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့နှင့် ဆက်စပ်သည်ဟု ထိုင်းရဲများပြောဆိုထားသည်ကို DKBA ဘက်က အထူးစစ်ကြောင်းမှူး ဗိုလ်မှူး အေ၀မ်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ငြင်းဆိုလိုက်သည်။


 
ကလို့ထူးဘော စစ်ဌာနချုပ်လက်အောက်ခံ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးအေ၀မ်းက “ဒီစိတ်ကြွဆေးကိစ္စမှာ ကျွန်တော်လည်း မသိဘူး၊ ထိုင်းဘက်က သတင်းထွက်လာတော့မှ ဒါကမှားနေတယ်။ အဲတော့ ထိုင်းရဲကို ဆက်သွယ်ပြီး ပြောထားတယ်၊ အမှား ပြန်ပြင်ပေးဖို့၊ သူတို့က နောက် ၂ ရက်နဲ့ ၃ ရက် လောက်ကြာမှ အကြောင်းပြန်မယ် ပြောထားတယ်” ဟုဆိုသည်။

သိုသော် စံခလပူရီ အခြေစိုက် ရဲစခန်းက အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ အနေနဲ့ စစ်ဆေးမေးမြန်းတယ် ဆိုကတည်းက ဒီလူဟာ အမှန်ကို ပြောနေသလား၊ လိမ်ပြောနေသလားဆိုတာ အကဲခတ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒီအမှုအတွက် ရထားတဲ့ သဲလွန်စတွေကို ဆက်လက် စုံစမ်းပြီး ပင်မတရားခံ ဖမ်းနိုင်အောင် ဆက်လက်ကြိုးစား သွားပါမယ်” ဟု ၄င်းက မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်က စိတ်ကြွဆေးပြားများကို နိုင်ချိုင်(ခ)သန်းဦးက ဘုရားသုံးဆူ နယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်သို့ သယ်ဆောင်သွားစဉ် စံခလပူရီရဲစခန်းမှ ထိုင်းရဲများက ဖမ်းဆီး ရမိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ အလုပ်သမားများအသုံးပြုသည့် ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည့် သန်းဦး၏ထွက်ဆိုချက်တွင် ၎င်းသည် မူးယစ်ဆေးဝါးများကို ဘုရားသုံးဆူ မြို့နေ ဦးငို (အမည်လွှဲ) မှတဆင့် ၎င်း၏ဇနီး ဆက်သွယ်ပေးမှုဖြင့် တစ်ဖက်ထိုင်းကမ်းသို့ ဖြတ်ကာ ကန်ချနပူရီခရိုင် ရောက်သည်အထိ ပို့ဆောင်ပေးရမည်ဖြစ်ကာ အခကြေးအဖြစ် တစ်ခေါက်လျှင် ဘတ်ငွေ ၁၅,၀၀၀ ရရှိသည်ဟု ရဲကို ထွက်ဆိုထားသည်။

ဗိုလ်မှူးအေဝမ်းကမူ ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်မှာ မှားယွင်းသည့် ထုတ်ပြန်ချက်ဖြစ်ပြီး ပြန်လည်ပြန်ဆင် ကြော်ငြာပေးရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆဲဟု ဆိုသော်လည်း စံခလပူရီ အခြေစိုက် ထိုင်းရဲစခန်းကမူ ၎င်းအချက်ကို မသိရှိသေးဟု ဆိုသည်။

ဘုရားသုံးဆူ-စံခလပူရီ-ကန်ချနပူရီ လမ်းပိုင်း၌ ၂၀၁၄ နှစ်ဆန်းမှ စ၍ ယနေ့ အထိ အလုံးရေ တစ်သောင်းကျော်သည့် စိတ်ကြွဆေးဝါး သယ်ဆောင်မှုကို နှစ်ကြိမ်တိုင် ဖမ်းဆီးရမိခဲ့ပြီးဖြစ်၍ ယခင်ရှောင်တခင် စစ်ဆေးရေးထားရှိနေရာမှ ယခုတွင် အခြေစိုက်စစ်ဆေးရေးဂိတ်များထားရှိကာ စစ်ဆေးနေပြီး လုံခြုံရေးတင်းကြပ်လျက် ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။