Thursday, February 27, 2014

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တပ်မတော်တို့အကြား သုံးရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

(Eleven Media Group)



တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အစိုးရတပ်များသည် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၆ ရက်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

“ဖေဖော်ဝါရီ ၂၄ ရက်က နမ့်ခမ်းမြို့နယ် မန်ပိန်းဆိုတဲ့ ဘိန်းစိုက်တဲ့ကျေးရွာမှာ ဖြစ်တယ်။ ဒီနေ့လည်ပိုင်းက မန်တုံနဲ့ မိုးမိတ်နယ်စပ်ကြားမှာ တပ်မ ၇၇ တက်လာတော့ ကျွန်တော်တို့တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်။ အကျအဆုံးတော့ မသိရသေးဘူး” ဟု တာဂျုတ်ဂျားက ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းက ပြောကြားသည်။

မန်ပိန်းကျေးရွာတိုက်ပွဲမှာ TNLA တပ်က ဘိန်းခင်းများ ဖျက်ဆီးရန်သွားစဉ် အစိုးရတပ်နှင့် ထိပ်တိုက်တွေ့ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျအဆုံးရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုနှစ် ဇွန်လမှစကာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့မှု စတင်ခဲ့ပြီး တအာင်း(ပလောင်) ဒေသရှိ အဆိုပါပိုက်လိုင်းတစ်လျှောက်ကို ကာကွယ်ရန် အပါအဝင် အကြီးစားစီမံကိန်းများကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အစိုးရဘက်က တပ်ရင်းများနှစ်ဆခန့် တိုးမြှင့်ချထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ KIA နှင့်အတူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အစိုးရစစ်တပ်နှင့် ၂ဝ၁၁ ခုနှစ် မတ်လမှစကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း၌ပင် အစိုးရတပ်များနှင့် TNLA အကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၂ဝ မှ ၃ဝ ကြားရှိခဲ့သည်။ 


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။