Thursday, February 6, 2014

ပြည်ထောင်စု စနစ်တွင် သျှမ်းပြည်အတွက် ဖွဲ့စည်းပုံ သီးခြား ရှိသင့်



သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယမူကြမ်း ရှင်းလင်းပွဲကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဌာနချုပ် လွယ်တိုင်းလျဲန်း တွင်ကျင်းပရာ ပြည်ထောင်စု စစ်စစ်အတွင်း သျှမ်းပြည် နယ်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သီးခြား ရှိသင့်သည်ဟု အစည်းအဝေးတက် ရောက်သူများက ထောက်ခံ ကြပါသည်။


သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယမူကြမ်း ရှင်းလင်းပွဲအား ဖေဖေါ်ဝါရီ ၃-၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရာ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (SCCU) မှ ဦးဆောင်ရှင်းလင်းခဲ့ပြီး သျှမ်းပြည်တွင်း ၄၉ မြို့နယ်မှ လူပေါင်း ၇၇၄ ဦး တက်ရောက်ခဲ့ပါသည်။



“ပြည်ထောင်စုစနစ်တွင် သျှမ်းပြည်နယ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသင့်တယ်ဆိုတာ တက်ရောက် နားထောင်လာတဲ့ သျှမ်းပြည်သားတွေကထောက်ခံတယ်။ နောက်ပြီးတော့ အခုရှင်းလင်းပြသတဲ့ မူကြမ်းမှာ ထပ်မံ ဖြည့်စွက်ပြင်ဆင်ရေး အတွက် အကြံပေးတင်ပြလာတာကို သျှမ်းပြည်ညီညွတ်ရေးကော်မတီကဘဲ တာဝန်ယူဆောင်ရွက်သွားမယ်” ဟု  ရှင်းလင်းပွဲတက်ရောက်သည့်  သျှမ်းပြည်ဖွဲ့စည်းပုံရေးဆွဲ ရေးကော်မရှင် ဥက္ကဌ စိုင်းခင်းဆေက ပြောသည်။



အဆိုပါရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း - သျှမ်းပြည်သားများသည် နှစ်ရှည်လများ ဥပဒေအောက် တွင်နေထိုင်လာကြသော်လည်း ဥပဒေအကြောင်း နားမလည်သူ အများအပြား ရှိနေသေးကြောင်း ၊ ဥပဒေကိုမသိပါက အနိုင်ကျင့်ခံရမည်ဖြစ်သဖြင့် ဒေသခံလူထုအား ဥပဒေအကြောင်း သိစေလိုကြောင်း ပြေားကြားခဲ့ပါသည်။



“RCSS တဖွဲ့တည်း၊ နိုင်ငံရေးပါတီတခုတည်းက သျှမ်းပြည်လူထုကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒါကြောင့် အဘက်ဘက် ကပါဝင်တဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီက အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့အတွက် ရည်ရွယ်ပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြင်နိုင်သလောက်ပြင်ဆင်အောင်ကြိုးပမ်းသွားမယ်” ဟု ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။



နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရန်၊ သျှမ်းပြည်ကံကြမ္မာကို သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားအားလုံးဖန်တီးနိုင်ရန် အတွက်ရည်ရွယ်ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်ပူးပေါင်းဆောင်ရွက် ရေးကော်မတီ SSJAC ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ၊ လူမှုအခြေပြုအဖွဲ့ ၁၃ ဖွဲ့နှင့် တတ်သိ ပညာရှင်များ တွေ့ဆုံပွဲတရပ်ပြုလုပ်၍ သျှမ်းပြည်ညီညွှတ်ရေးကော်မတီကို ၂၀၁၃ အောက်တိုဘာလက ထိုင်နိုင်ငံ ချင်းမိုင်မြို့၌ ဖွဲ့စည်းခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။