Monday, February 17, 2014

သန်းခေါင်စာရင်း အတွက် ညှိနှိုင်းပေးရန် တိုင်းရင်းသားများ တောင်းဆို

(Irrawaddy)

၂၀၁၄ ခုနှစ် တနိုင်ငံလုံး သန်းခေါင် စာရင်း ကောက် ယူရေးနှင့် ပတ်သက်ပြီး လုပ်ငန်း မစတင်မီ ၎င်း တို့နှင့် အလျင် အမြန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် တိုင်းရင်း သားများက ယနေ့ တွင် သဘော ထား ကြေညာ ချက် ထုတ်ပြန် လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများကို ကိုယ်စား ပြုပြီး တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၃၀ ကျော်က အစည်းအဝေး သုံးကြိမ် ပြုလုပ်ပြီးနောက် ထိုသို့ သဘောထား ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။


“ကျမတို့ကတော့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းကို ဆွေးနွေးမှု မပြီးခင် ရက်ရွှေ့ဆိုင်းပေးဖို့၊ ပြေပြေ လည်လည် လုပ်ပေးဖို့ ကြိုးစားသွားမယ်၊ ဒီသန်းခေါင်စာရင်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ပျက်ပြားစေနိုင်တယ်၊ နောက်ပြီး နိုင်ငံ တော် တည်ငြိမ် အေးချမ်းမှုလို့ ပြောတဲ့ ကဏ္ဍမှာလည်း ထိခိုင်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို သန်းခေါင်စာရင်းကိုသာ ကျမတို့ လွှတ်ပေးလိုက်မယ်ဆို ဒီပြဿနာဟာ နောက်အနှစ် ၂၀ လောက် ထပ်ပြီး ရှေ့ဆက်သွားမှာ ဖြစ်တယ်”ဟု ကချင် တိုင်းရင်း သူ ဒေါ်ခွန်ဂျာက ပြောသည်။

တိုင်းရင်းသား လူမျိုး တခုခြင်းက သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များ ထုတ်ပြီး တောင်းဆို ခဲ့ သော်လည်း အစိုးရဘက်မှ ဆောင်ရွက်ပေးမှု နည်းပါးသည့်အတွက် တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်းပြီး ပထမဆုံး အကြိမ် သဘောထား ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကူညီ ထောက်ပံမှုများ ပေးနေသည့် နိုင်ငံတကာမှ အဖွဲ့အစည်းများကို တွေ့ဆုံပြီး တင်ပြ တောင်းဆို သွားမည်ဟု ကရင် တိုင်းရင်းသူ နော်စူစန်နာ လှလှစိုးကလည်း ပြောဆိုသည်။

“ကျမတို့ အလှူရှင် အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး တွေ့ဆုံ သွားပါမယ်။ လောလောဆယ်မှာ UNFPA နဲ့ UK ပေါ့နော်၊ နောက်ပြီးတော့ US နဲ့လည်း ကျမ ပြောထားပြီး ပါပြီ။ ဒါပေမယ့် အမေရိကန် သံရုံးက ကျမကို ဘာပြောလဲ ဆိုတော့ သူတို့ အနေနဲ့ နည်းပညာပိုင်းပဲ အထောက်အကူ ပေးမှုမှာ ပါဝင် ပါတယ်တဲ့၊ ငွေရေးကြေးရေး ထောက်ပံ့ပေးမှုမှာ မပါဘူးပေါ့နော်၊ အဲ့ဒီလို အလှူရှင်မျိုးကိုလည်း ကျမတို့ ထပ်တွေ့မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လာမည့် မတ်လကုန်တွင် စတင်မည့် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ် ဆောင်ရွက်မှု တချို့သည် တိုင်းရင်းသား လူမျိုးများ အတွက် ထိခိုက် နစ်နာနိုင်ဖွယ်ရာများ ထွက်ပေါ် စေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟုလည်း နော်စူစန်နာ လှလှစိုး က ဆိုသည်။

တိုင်းရင်းသားများ အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားများ လက်မခံနိုင်သည့် လူမျိုးစု ၁၃၅ မျိုး စာရင်းကို အခြေခံ၍ လူမျိုးအမည် သတ်မှတ်သည့် သင်္ကေတ ကုဒ် (Code) အမှတ်များ အတိုင်း အသုံးပြုရန် စီစဉ်ထားခြင်း သည် တိုင်းရင်းသား လူမျိုးတခုတည်း အတွင်းရှိ မျိုးနွယ်စုများအချင်းချင်း စိတ်ဝမ်းကွဲပြားမှု ဖြစ်လာစေနိုင်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြ ထားသည်။

ဗဟို သန်းခေါင်စာရင်း ကော်မရှင်အနေနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တချိန်တည်း တပြိုင်တည်း အလျင်အမြန် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း ပေးရန်၊ တိုင်းရင်းသား လူမျိုးများ၏ စိုးရိမ် ပူပန်မှုများကို ဖြေရှင်း ပေးပြီးသည် အထိ လုံလောက်သော ပြင် ဆင်မှု ရရှိပြီးမှသာ သန်းခေါင်စာရင်း စတင် ကောက်ယူရန်လည်း တောင်းဆို ထားသည်။

ထုတ်ပြန်ချက်၌ သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်မှုများတွင် တိုင်းရင်းသား လူမျိုးများနှင့် သက်ဆိုင်သော ကိုယ်စားလှယ်များကို ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့်ဆင့် သန်းခေါင်စာရင်း ကော်မရှင်များနှင့် အထောက်အကူပြု ကော်မတီများတွင် ထည့်သွင်းပြီး လိုအပ်သော သင်တန်းများ သင်ယူနိုင်ရေး စီစဉ် ပေးရမည်ဟု တိုင်းရင်းသားများက တောင်းဆိုသည်။

ယင်းအပြင် သန်းခေါင်စာရင်း ကောက်ယူရာမှ ထွက်ပေါ်လာသည့် ရလဒ် တခုတည်းကိုသာ အခြေခံပြီး တိုင်းရင်းသား လူမျိုးနွယ်စု အရေအတွက်ကို သတ်မှတ်ခြင်း မပြုလုပ်ရန်နှင့် တိုင်းရင်းသား လူမျိုးစုများ ကိုယ်တိုင် ပါဝင်ပြီး တိုင်းရင်းသား လူမျိုးနွယ်စုများ သတ်မှတ်နိုင်ရေးကို ဆောင်ရွက်ပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။