Monday, February 10, 2014

“တအန်း(ပလောင်) ဒေသနှင့် လူထုအား ဆက်တိုက်ထိုးစစ်ဆင် ညှင်းပမ်းနှိပ်စက်နေသည့် မြန်မာအစိုးရ၏ စစ်ဆင်ရေးကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း”

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ကြေညာချက်  


၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂ဝ၁၄ ခုနှစ်။ ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၄§၀၅§ဌနခ-၁၄

၁။ တအန်း(ပလောင်)ဒေသတွင် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့် ဒေသခံလူထုအား ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ မိုင်းရှင်းခိုင်းခြင်း၊ ပစ္စည်းဥစ္စာများ အတင်း အဓမ္မသိမ်းဆည်းယူငင်ခြင်း၊ လူနေကျေးရွာသို့ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်ခြင်း အစရှိသည့် ညှင်းပမ်းနှိပ်စက်မှုများ ကျူးလွန်နေသည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ ပြည်တွင်းရှိ တအန်း(ပလောင်)တိုင်းရင်းသား လူမျိုးစုအပေါ် စစ်ဆင်ရေးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။
၂။ ယခု ၂၀၁၄ ခုနှစ် တလကျော် ကာလတိုအတွင်းတွင်ပင် တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တို့ ထိတွေ့မှု တိုက်ပွဲ အကြိမ် (၃၀) ကျော်ရှိပြီး၊ မြန်မာစစ်ကြောင်းများမှာလည်း တအန်းကျေးရွာဒေသများသို့ ပိုမိုကြမ်းတမ်းစွာ လှုပ်ရှားလာကြပါသည်။ ၁၇ ရက် ဇန်နဝါရီလတွင် နမ့်ဆန်မြို့နယ် ဟိုမိန်းရွာသားများအား ဖမ်းဆီးနှိက်စက်ပြီး ပစ္စည်းနှင့် ငွေ စုစုပေါင် ၃၀ သိန်း အဓမ္မယူငင်ခဲ့သည်။ ထို့နောက် မန်မိုင်မိန်းကွမ်၊ ရူမန်း၊ ဘန်လူမ် အစရှိသော ရွာ များတွင်လည်း ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့သည်။ ယခုလည်း ရောက်လေရာရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရဟန်းသံဃာများအား ရိုက်နှက်စစ်ဆေးခြင်း၊ လူထုအားလမ်းပြပေါ်တာဆွဲခြင်းများ ပြုလုပ်နေလျှက်ရှိသည်။
၃။ ဖေဖော်ဝါရီပထမပတ်အတွင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ပြီးစီးသွားသည့် မြန်မာ့တပ်မတော် လေးလပတ် အစည်းအဝေးတွင် တအာင်းဒေသအတွင်း စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်ရန် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၏ တင်ပြချက်ကို သဘောတူခဲ့ကြသည်။ လက်တွေ့တွင်လည်း မြန်မာတပ်ဖွဲ့များနေ့စဉ်လိုလို တိုးချဲ့လှုပ်ရှားကာ လေးလပတ် အစည်းအဝေး ညွန်ကြားချက်အရ ပလောင်ဒေသကို လူသတ်ဖို့လာတာ ဟုဆိုပြီး လှုပ်ရှားနေပါသည်။
၎။ တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဟူသောစကားလုံးကို တသွင်သွင် ပြော ပြီး လက်တွေ့တွင် ကချင်၊ တအန်း အစရှိသော တိုင်းရင်းသားလူမျိုးများအား အပြတ်သုန်းချေးမှုန်းရေးဆောင်ရွက် နေသည့် မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော် ၏ လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချလိုက်ပါသည်။ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း တော်လှန်ရေးသတိထားရှိကြပါရန် အသိပေးနှိုးဆော်လိုက်ပါသည်။
၅။ မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်ဖိနှိပ်မှု မည်သို့ပင် ပြင်းထန်စေကာမူ မိမိတို့တအန်းလူမျိုး အတွက်ထားရှိသည့် P.S.L.F/T.N.L.A ၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင် မရမချင်း လက်နက်စွဲကိုင် ခုခံတော်လှန် သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တအန်းအမျိုးသားတရပ်လုံးအား ခုခံကာကွယ်သည့် တော်လှန်ရေးစစ်ပွဲတွင် တအန်းလူငယ်မောင်မယ်တိုင်း၊ တအန်းလူမျိုးတိုင်း ရောက်ရှိရာနေရာဒေသတွင် စွမ်းဆောင်နိုင်သည့်ဖက်မှ ပါဝင် ပံ့ပိုး လှုပ်ရှားကြပါရန် အလေးအနက် တိုက်တွန်းရင်း မိမိတို့၏သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F/T.N.L.A)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။