(RFA)
ပင်လုံကဲ့သို့သော ညီလာခံကြီးတစ်ရပ်ကျင်းပနိုင်ဖို့ အစိုးရက အမှန်တကယ်ဆောင်ရွက်ပေးမယ် ဆိုရင် ၂၅ နှစ်တာကာလက အတွေ့အကြုံတွေကို တိုင်းပြည်အတွက် ပေးဆပ်ရာရောက်လိမ့်မယ်လို့ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်ဦးအဖွဲ့ ဥက္ကဌ ကိုသံခဲက ဒီနေ့ ပြောကြား လိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ခုလိုပြောလိုက်တာပါ။
“တိုင်းပြည်ရဲ့ ပြဿနာဟာ နှစ်ဖွဲ့တည်းနဲ့ပြီးတဲ့ပြဿနာ မဟုတ်ပါဘူး၊ ဒီတော့သက်ဆိုင်ရာအင်အားစုတွေဖြစ်တဲ့ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးစုဆုံပြီးဖြေရှင်းမှရမယ်၊ ဒါကြောင့် အားလုံးပြောနေတဲ့ ပင်လုံကဲ့သို့သော ညီလာခံမျိုးဟာ တိုင်းပြည်အတွက်လိုအပ်တယ်၊ ဒီခရီးစဉ်ကြီးကိုလျှောက်မယ်ဆိုရင် ကျနော်တို့ရဲ့ပေးဆပ်ခဲ့တဲ့ ၂၅ နှစ်တာထဲက အတွေ့အကြုံတွေကို တိုင်းပြည်အတွက်ပေးဆပ်ဖို့ အသင့်ပါပဲဆိုတာကိုလည်း ကျနော်တို့ပြောချင်ပါတယ်”
လက်ရှိအစိုးရ သက်တမ်းကာလအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းတွေပါဝင်တဲ့ ညီလာခံကျင်းပနိုင်ဖို့ လိုအပ်တယ်လို့လည်း ဥက္ကဌ ကိုသံခဲက ပြောပါတယ်။
ABSDF အဖွဲ့ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအပြီး ထိုင်းမြန်မာနယ်စပ်မှာ ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် ကျောင်းသားတပ်မတော် ဖြစ်ပါတယ်။
ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြတာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနား တင်ပြချက် (CLICK HERE)

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။