Monday, August 19, 2013

နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးခင်ကြားကာလ မူးယစ်ဆေးဝါးပြဿနာ ပစ်မထားသင့်ဟု RCSS/SSA ပြော

 

“နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်မည်” ဆိုသည်မှာ မှန်ကန်သော် လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးမီ ကြားကာလ၌ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင် ရန် နည်းလမ်းရှာထားသင့်သည်ဟု RCSS/SSA က ပြောပါသည်။

ယနေ့အချိန် ပြည်သူလူထုက မူးယစ်ဆေးဝါးအန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်နေကြရသည့်အ တွက် နည်းလမ်းရှာဖွေကာ ဖြေရှင်းသင့်ကြောင်း RCSS/SSA ၏ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’စာအုပ်၌ ရေးသားထားသည်။


မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရန် RCSS/SSA က UNODC ၊ အစိုးရကိုယ်စားလှယ်တို့နှင့် ၂၀၁၂ အောက်တိုဘာ ၂၇-၂၈ တာချီလိတ်မြို့၌ တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက် ၉ ချက် လက်မှတ် ရေးထိုးခဲ့ကြသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ရှေးပြေးစီမံကိန်းကို သျှမ်းပြည်တောင်ပိုင်း မိုးနဲနှင့်မိုင်းပန်မြို့နယ်၌ ပြု လုပ်မည်ဟုလည်း သဘောတူခဲ့ကြကြောင်း၊ သို့သော် ယနေ့တိုင် အကောင်အထည် ဖော်နိုင်ခြင်း မရှိ ကြောင်း၊ အကောင်အထည် မဖော်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးကို လွှဲမှားစွာ အသုံးပြု နေမှု ထိန်းချုပ်ရေးကော်မတီ(CCADC)အရာရှိတစ်ဦးက မိမိတို့၌ ဘဏ္ဍာရေး လုံလောက်မှုမရှိသည့် အတွက်ဟု လည်းကောင်း၊ UNODC ဘက်မှ RCSS/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား နေသည့်အတွက်ဟုလည်းကောင်း ပြောဆိုကြကြောင်း၊ သို့သော် RCSS/SSA ကမူ သဘောတူညီချက် ၉ ချက်မှ နောက်ဆုံးအချက်ဖြစ်သည့် လုံခြုံရေးကိစ္စက တကြောင်းဖြစ်ကြောင်း ဆိုပါသည်။

“လုံခြုံရေးကို နှစ်ဖက်စလုံး တာဝန်ယူမယ်ဆိုတာကို မြန်မာစစ်တပ်က သဘောမတူဘူး။ စီမံကိန်းနယ် မြေအတွင်းမှာ သျှမ်းတပ်သားတွေကို လက်နက်မပါစေချင်ဘူး။ ဒါပေမဲ့ SSA က  စီမံကိန်းနယ်မြေ အပြင်မှာ လက်နက်ကိုင်ပြီး လှုပ်ရှားနေတာဘဲ။ ဒါကြောင့် ကျနော်တို့ သဘောတူညီမှု ရယူနိုင်တယ်။ ဒီအကြောင်းကြောင့် မလိုအပ်ဘဲ စီမံကိန်းကြံ့ကြာတာ မဖြစ်သင့်ဘူး” ဟု RCSS/SSA ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
RCSS/SSA က ဒု-ဗိုလ်မှူးကြီး စိုင်းဟန်က ဦးဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါ အဖွဲ့သည် သျှမ်းပြည် CCADC ခေါင်းဆောင် ဦးရဲနိုင်ဝင်း၊ သျှမ်းပြည် ရဲချုပ် ဦးဝင်းထွန်းနှင့် ၇ ကြိမ်၊ UNODC မှ Jason Eligh နှင့် ၄ ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ မိုးနဲမြို့နယ်မှ ပြည်သူလူထုနှင့်လည်း တစ်ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ ရှေ့ပြေးစီမံကိန်းလုပ်မည့် မိုးနဲနှင့်မိုင်းပန်မြို့နယ် သို့ ဘိန်းစိုက်ပျိုးသည့်အခြေအနေ ကွင်းဆင်းလေ့လာရာ ပြည်သူတို့ ဘိန်းစိုက်ပျိုးကာ ဆန်ဝယ်ယူ စားသောက်နေကြရကြောင်း ဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ လွယ်တိုင်းလျဲန်းဌာနချုပ်မှာ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရန် သင်တန်းပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ တော်ဝင်စီမံကိန်း နည်းနာအတိုင်း သင်ကြား ပို့ချကြောင်း ဆိုပါသည်။

မူးယစ်ဆေးဝါးရေးရာ၌ ပူးပေါင်းခဲ့သည့်အတွက် RCSS/SSA က ၂၀၁၂ ဂျွန် ၂၃ ရက်နေ့၌ ထိုင်းနိုင်ငံ ဘုရင့်အတိုင်ပင်ခံ ဗိုလ်ချုပ်ကြီး ဖိကျစ်ကုလဗဲင်နစ်ထံမှ ‘ရွှေလင်းယုန်’ ဆုကို ရရှိခဲ့သည်။

“မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’ စာအုပ်မှာ စာမျက်နှာ ၈၂ မျက်နှာပါရှိပြီး သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသားထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။