Monday, August 19, 2013

အစိုးရတပ်နှင့် SSPP တိုက်ပွဲဖြစ် ပြောင်းခြံတောင်သူလက်နက်ကြီးကျည်စ ထိမှန်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၌ ပြီးခဲ့သည့်ကြာသပတေးနေ့ကဖြစ်ပွါးသော မြန်မာ့တပ်မတော်နှင့်
သျှမ်းပြည် တပ်မတော်တိုက်ပွဲတွင် မြန်မာစစ်တပ်က ပြောင်းခြံထဲသို့လက်နက်ကြီးပစ်ချသဖြင့်  ပြောင်းခြံ
တောင်သူလက်နက်ကြီးဆံ ထိမှန်ပြီး လင်ယောက်ျားမှာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရ
သည်ဟု ဆိုပါသည်။


“တိုက်ပွဲဖြစ်တော့ ပြောင်းခြံထဲကို လက်နက်ကြီးနဲ့ ရမ်းထုတာ၊ ခြံလုပ်နေတဲ့ ဝိန်းနန် ရွာသူ အမျိုးသမီးတဦး
လက်နက်ကြီး စမှန်တယ်။ သူ့ယောက်ျားကို နှစ်ရက်တညဖမ်းသွားတယ်။ မနေ့က ညနေပိုင်း ကောင်းခါး
(လား ဟူရွာ) မှာ သွားပစ် ထား တယ်။ လားဟူရွာ သူကြီးက ဆိုင်ကယ်နဲ့ဒီနေ့ရွာပြန်ပို့ပေးလိုက်ပြီ။ သူ့မိန်းမလဲ
ရွာမှာဘဲ ဆေးကုနေတယ်။ တခြားသွား မကုရဘူးလို့ တားမြစ်ခံရတယ်။ သူတို့မှာ ကလေး ၂ ယောက်ရှိတယ်။ ”
ဟု မိုင်းယင်အုပ်စု ဒေသခံ စိုင်းခမ်းက သျှမ်းသံ တော်ဆင့်အား ပြောသည်။

၂၀၁၃ ဩဂတ်စ် ၁၅ ရက်က သျှမ်းပြည်မြောက်ပိုင်း မိုင်းယင်အုပ်စု မိုင်းကမ့်နှင့် ကောင်းခါးရွာကြားတွင် သီပေါ
အခြေစိုက် ၅၀၄ တပ်နှင့် နမ္မတူအတွင်းလှုပ်ရှားနေသော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့
တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်း ဖြစ်သည်။ နံနက် ၁၀ နာရီခန့်စတင်သည့်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာပြီး မြန်မာစစ်တပ်ဘက်
မှ အင်အား ၅၀ ခန့်ရှိကြောင်း၊ ၄ ဦး ဒဏ်ရာရကြောင်း မြင်တွေ့ရသည့် ဒေသခံရပ်မိရပ်ဖ ဂျဆေး ကပြောပြသည်။

“သျှမ်းတပ်ဘက်က တချို့ဒဏ်ရာရတယ်ပြောတယ်။ မြန်မာစစ်ကြောင်းက ထမ်းစင် ၄ စင်နဲ့ ထမ်းသွားတာတွေ့
တယ်။ ဗမာတပ်ဘက်က သေတဲ့သူလဲရှိတယ်။ အတိအကျတော့မသိရသေးဘူး။ အလောင်းမြုပ်ထားတယ်လို့ရ
ယူဆရတဲ့ နေရာ သုံးနေရာတွေ့ထားတယ်။ ဘယ်သူမှတော့ သွားမတူးကြည့်ရဲဘူး၊ ဒီစစ်ကြောင်းက အရမ်းရိုင်း
တယ်။ ဒီတဝိုက်မှာ လှုပ်ရှား နေတာကြာပြီ၊ ဘာငြိမ်းချမ်းရေးလုပ်နေလဲမသိဘူး။ စစ်လှုပ်ရှားတာတွေက မနား
ဘူး၊ တိုက်ပွဲဖြစ်ရင်ခံရတာက လူထုပဲ မဟုတ်လား ” - ဟု ပြော၏။

အဆိုပါတိုက်ပွဲကြောင့် လက်နက်ကြီးကျည်စ ထိမှန်သည့်  ပြောင်းခြံတောင်သူ၏ ခင်ပွန်းသည်အား  အစိုးရတပ်
မှဖမ်း ဆီးသွားကြောင်း၊ သူပုန်အကြောင်း ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ သေနတ်ဒင်ဖြင့်ထုခံရသော
ကြောင့် ဒဏ်ရာပြင်း ထန်ကြောင်း၊ တိုက်ပွဲကြောင့် လယ်ယာဆင်းရန် အခက်အခဲကြုံတွေ့ရကြောင်း
သားသည်မိခင်တဦးက ပြောသည်။

“တိုက်ပွဲဖြစ်ရင် ကလေးကို ဘယ်လိုကျောင်းလွတ်မှာလဲ၊ ဝမ်းရေးအတွက်လယ်ယာဘယ်လိုဆင်းရဲမှာလဲ၊
အရမ်းကြီးကို အခက်အခက်အခဲဖြစ်ရပါတယ်ရှင့်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ နှစ်ဦးပိုင်းကတည်းက
ပဏာမအဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူကာ ငြိမ်းချမ်းရေးတည်ဆောက်ထားကြသော်လည်း
တိုက်ပွဲ အကြိမ်ပေါင်း တရာမက ဖြစ်ပွါးခဲ့သည်ဟု ပြောရေးဆိုခွင့်က ဆိုသည်။

တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA မှာမူ တိုက်ပွဲလျှော့ချနိုင်ရေးအတွက် မိမိနှင့် နီးစပ်သည့်
အစိုးရ၏ အခြေချ တပ်ဖွဲ့များ၊ လှုပ်ရှားစစ်ကြောင်းများအား ချိတ်ဆက်သတင်းဖလှယ်ကြရန် တပ်ထုကြီးအား
ယခုလလယ်ပိုင်းက ညွှန်ကြား ထားပြီးဖြစ်သည်ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က
သျှမ်းသံတော်ဆင့်အား ပြောပြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။