Tuesday, August 13, 2013

TNLA တပ်များအား အကြောင်းပြချက်မဲ့ အစိုးရတပ်ဖွဲ့များ တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အမှတ် (၇၁၇) တပ်ရင်းမှ တပ်ဖွဲ့ တဖွဲ့အား ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ခရိုင် မိုင်းငေါ့မြို့နယ်ခွဲရှိ ကွမ်းစလန်း ကျေးရွာထိပ်ယမာန်နေ့ မွန်းလွဲ (၂) နာရီတွင် စောင့်ပစ်ခဲ့ရာ နာရီဝက် ကျော်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်ဟု TNLA ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။ 

ကျနော်တို့ ၇၁၇ တပ်ဖွဲ့က မနေ့ မနက်ပိုင်းမှ နေ့လယ်ပိုင်း အထိ  ကွမ်းစလန်း ကျေးရွာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲ ကျင်းပခဲ့တယ်။ မွန်လွဲပိုင်းမှာ ရွာရဲ့ မြောက်ဘက်ခြမ်းကို ထွက်လာတယ်။ ရွာထိပ် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အနီးမှာ စောင့်ပစ်နေတဲ့ အစိုးရ တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်လို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့တာပါဟု ဆိုပါသည်။


ဘုန်းကြီးကျောင်းမှ ဦးပဥင်းများသည် မူလတန်း ကျောင်းမှ ကလေးများကို လက်နက်ကြီး၊ လက်နက်ငယ်များ ပြုံပြီး ပစ်ခတ်နေသည့် သေနတ် အန္တရာယ်ကြား လိုက်လံ ထိန်းကျောင်း နေရပြီး တချို့ ကလေးများသည် လန့်ဖြန့်ကာ ထွက်ပြေး ခဲ့ကြပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် TNLA တပ်များသည် ဘုန်ကြီးများ၏ မေတ္တာ ရပ်ခံချက်ကြောင့် ဤနေရာမှ အမြန်ဆုံး ဆုတ်ခွာ ပေးလိုက်သည်ဟု ဆိုပါသည်။  

တိုက်ပွဲတွင် ကလေးများ ထိခိုက် ဒါဏ်ရာရမှု မရှိသော်လည်း အစိုးရဖက်မှ တပ်သား (၂) ဦး ဒါဏ်ရာ ရရှိခဲ့သည်ဟု TNLA ဖက်မှ ဆိုပါသည်။ ဤတိုက်ပွဲတွင် ဗိုလ်ကြီး တာအုန်တမာ ဦးဆောင်သော ကျောက်မဲခရိုင် အခြေစိုက် တအာင်း TNLA တပ်ရင်း အမှတ် ၇၁၇ တပ်ဖွဲ့နှင့် အစိုးရ ခွန်ခါ ယာယီ တပ်စခန်း အခြေစိုက် ခလရ ၁၇ တပ်ဖွဲ့တို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါ သည်။ 

ဤတိုက်ပွဲသည်TNLA အဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ဇူလိုင်လ (၃၁) ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ပိုင်း ပထမဆုံး ဖြစ်သော တိုက်ပွဲ ဖြစ်ပါသည်။  

TNLA သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့၌ ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးစဉ် ၄င်းတို့၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် များကို အစိုးရအား တင်ပြခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ၀န်ကြီး ဦးအောင်မင်းသည် TNLA ဖက်မှ အပစ်ရပ် လက်မှတ် မထိုးပေး သေးသ၍ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး အစီအစဉ်ကို အစိုးရ ဘက်က လုပ်ဆောင် ပေးနိုင်မည် မဟုတ်ဟု ပြောကြား ခဲ့ကြောင်း တာဘုန်းကျော်က ဆိုပါသည်။

အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး ကလည်း  “ TNLA က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီးတော့ လက်နက်ကိုင် သောင်းကျန်းနေတဲ့ အဖွဲ့တွေ ဖြစ်တယ်ဟု တွေ့ဆုံဆွေးနွေးပွဲပြောကြား သွားခဲ့ပါသည်။ ဤကဲ့သို့သော သဘောထားကြောင့် အစိုးရ တပ်များသည် ပန်ဆေး ပြည်သူ့စစ် အင်အား နှင့် ပူးပေါင်းပြီး TNLA အား အစဉ် တိုက်ခိုက် နေခဲ့ပါသည်။

ပန်ဆေး ပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်သည် နေပြည်တော် အောက်လွှတ်တော် အမတ်တဦး ဖြစ်ပြီး၊ အရှေ့ မြောက်တိုင်း စစ်ဗျူဟာမှူး များသည်လည်း ၄င်းတို့ ကိုယ်တိုင် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှုပါဝင် ပါတ်သက် နေသဖြင့် ယခုကဲ့သို့ သဘောထားခြင်း ဖြစ်ကြောင်း TNLA အရာရှိများက ဆိုပါသည်။  

ဝန်ကြီး ဦးအောင်မင်းကမူ နိုင်ငံတော်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်သည် ရှိနှင့်ပြီးသား ဖြစ်သည့် အတွက်  နိုင်ငံတော် လုံခြုံရေး အစီအစဉ်အောက်၌ ရှိကြသော အစိုးရ အသိအမှတ်ပြု ထားသည့် ပြည်သူ့စစ် အဖွဲ့များ၊ ရှမ်းပြည် မြောက်ပိုင်း အတွင်း၌ လှုပ်ရှား နေကြသော အစိုးရ တပ်ဖွဲ့မှ စစ်ဗျူဟာမှူး များက ဆောင်ရွက် ကြလိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

သို့သော် TNLA ကမူ တအာင်း (ပလောင်) ဒေသရှိ လူငယ်များ၏ (၈၀) ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါး စွဲလန်း နေကြပြီး ဖြစ်ကြောင်း၊ အစိုးရဖက်မှ ပေါ်လစီ တရပ် အနေဖြင့် ကျင့်သုံးနေပြီး အားပေးနေသည့် အတွက်ကြောင့် ယခု ကဲ့သို့ တိုးများ လာနေရခြင်း ဖြစ်ကြောင်း၊ ဤသို့ကြောင့် TNLA အနေဖြင့် မဖြစ်မနေ တိုက်ဖျက် နေရကြောင်း ဆိုပါသည်။ 

သို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် TNLA  နှင့်အစိုးရတို့ အမြင် မတူညီ ကြသဖြင့် ဆက်လက် တိုက်ခိုက် နေကြဖွယ် ရှိနေဦးမည် ဖြစ်သည်။ ဤကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပါက TNLA နှင့် အစိုးရတို့၏ အပစ်ရပ်ရေး လက်မှတ် ထိုးပွဲလည်း အခက်အခဲ ဖြစ်နေဦးမည်မှာ သေချာလှပါသည်။ 

TNLA သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို အမျိုးသားရေး လုပ်ငန်းစဉ် တရပ် အနေဖြင့် သဘောထား ခဲ့ရသည့် အခြေအနေကြောင့် ၂၀၁၂ ခုနှစ်တွင် စတင် တိုက်ဖျက် လာခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။