Thursday, August 22, 2013

မွန်တော်လှန်ရေးနေ့ လူဦးရေ ၃၀၀၀ ကျော်တက်ရောက် ၇ နှစ်အတွင်း အများဆုံးဖြစ်

(Mizzima)

သြဂုတ်လ ၂၁ ရက်တွင် ကျရောက်သည့် ၆၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့သည် ၂၀၀၇ ခုနှစ် စတင်ကျင်းပခဲ့စဉ်
မှစ၍ ယခုနှစ်တွင် တက်ရောက်သူ လူဦးရေ ၃၀၀၀ ခန့်ရှိခဲ့ပြီး အများဆုံး ဖြစ်သည်ဟု တော်လှန်ရေးနေ့ ဖြစ်မြောက်
ရေး ကော်မတီ နိုင်/ကျဉ်းဟောင်း အရှင်ဥက္ကံသ က မိန့်သည်။

"မွန်ပြည်နယ် မြို့နယ်တိုင်းမှာ ဒီအခမ်းအနား တက်ရောက် ကြဖို့ နှိုးဆော် ဗီနိုင်းတွေ တောင်တယ်၊ နောက်ဒီနေ့
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေ၊ လက်ကမ်း စာစောင်တွေ ဝေပြီး ဖိတ်ကြားတယ်၊ ဒီနှစ် အစီအစဉ်ရဲ့ ထူးခြားချက်က ခါတိုင်းနှစ်မှာ မရှိဖူးတဲ့ ဖျော်ဖြေရေး ကဏ္ဍ ပါလာတယ်၊ Power Music က ဝင်ရောက် အားဖြည့်ပေးတယ်၊ ဆွဲဆောင်မှု တစ်ခု ဖြစ်ခဲ့တာပေါ့" ဟု ပြောသည်။


မွန်ပြည်သူ လူထုမှ ဦးဆောင်ကျင်းပသည့် ယခုနှစ် တော်လှန်ရေးနေ့ အခမ်းအနားများကို မွန်ပြည်နယ်ရှိ သက်ဆိုင်ရာ
ဒေသအလိုက် ကျင်းပကြသလို ဗဟိုအခမ်းအနားကိုမူ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗဟိုအခမ်းအနားကျင်းပရာ ဝင်းစိန် တောရကျောင်းသို့ စုစုပေါင်း ပရိသတ် ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် တလျှောက်တွင် လူအများဆုံး တက်ရောက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

အခမ်းအနားသို့ မွန်ပြည်သူလူထုများ၊ တက္ကသိုလ် ကျောင်းသားများ၊ စာပေ ယဉ်ကျေးမှု ကော်မီတီဝင်များ၊ မွန်ရဟန်းပျိုများအပြင် မွန်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြကာ မွန်ပြည်သစ်ပါတီမှ
ပြည်တွင်း တာဝန်ခံ နိုင်တလညီ၊ မွန်ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ဒု-ဥက္ကဋ္ဌ နိုင်တင်အောင်၊ ဒေါက်တာ မင်းကြည်ဝင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ နိုင်ငွေသိန်းတို့လည်း တက်ရောက်ခဲ့ကြသည်။

မွန်တော်လှန်ရေးနေ့သည် ပြည်သူ များထံမှ ပေါက်ဖွားခဲ့သည့် နေတစ်နေ့ဖြစ်၍ ပြည်သူများအား ပိုမို နှိုးဆော်နိုင်ရန်
နှင့် မွန်အမျိုးသား နေ့ကဲ့သို့ လူသိများလာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု အရှင်ဥက္ကံသက မိန့်သည်။

“ပြည်သူ တွေကတော့ ပြာသိုလပြည့်ကျော် (၁) ရက် ဖြစ်တဲ့ မွန်အမျိုးသားနေ့ကိုပဲ ပိုသိကြတယ်၊ အခု မွန်တော်လှန်ရေးနေ့ကို သိပ်မသိ ကြဘူး၊ လူသိ ပိုများအောင် ကျနော်တို့ ဆက်လက် လုပ်ဆောင် သွားရမယ်၊ ဒီနှစ်ရဲ့ အနေအထားကတော့ အားရစရာ ကောင်းတယ်၊ ပြည်သူတွေ ခါတိုင်းနှစ်ထက် ပိုမို ပူးပေါင်း ပါဝင်လာကြတယ်” ဟု အရှင် ဥက္ကံသက မဇ္ဈိမအား မိန့်သည်။

ထို့ပြင် ထိုင်းနိုင်ငံ၌လည်း ပြည်သူ လူထုများမှ ကျင်းပသည့် (၆၆) နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ဘန်ကောက်အနီးရှိ ဘန်းကဒီအရပ်၌ တစ်နေရာနှင့် ဆူရာဒ်ဌာနီ ခရိုင် အတွင်း၌ တစ်နေရာ ကျင်းပခဲ့သည်။

အလားတူ အမေရိကန် ပြည်ထောင်စုရောက် မွန်အမျိုးသားများကလည်း ၄င်းအခမ်းအနားကို ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့ ကတည်းကပင် စော၍ အင်ဒီယားနားပြည်နယ် ဖိုစ့်ဝိန်း၌ မွန်ဒေသ ပြန်လည် ထူထောင်ရေးကောင်စီက ဦးဆောင်၍ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်သည်။

ထို့အတူ မွန်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း ဗဟို ပတ်ဝန်းကျင်ဒေသအတွက် ဘုရားသုံးဆူ မြို့နယ်ခွဲ အတွင်းရှိ ဂျပန်ရေတွင်း ကျေးရွာ၌ ကျင်းပခဲ့ပြီး ၄င်းတို့ အုပ်ချုပ်ရေး ခရိုင်များဖြစ်သည့် ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်များတို့၌ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။