Thursday, August 22, 2013

ပြည်တွင်း၌ မွန်အမျိုသား နှီးနှောဖလှယ်ပွဲ ပထမဆုံး အကြိမ် ပြုလုပ်မည်

(ရွှေဟင်္သာသတင်းဌာန)

မွန်အမျိုးသား ညီညွတ် ရေးနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် မွန်တိုင်းသား တို့၏ အခန်း ကဏ္ဍ တစ်ရပ် ပါဝင် နိုင်ရေး ဆွေးနွေး ကြရန် အတွက် မွန်အမျိုးသား နှီးနှော ဖလှယ်ပွဲ တစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင် မြို့၌ ပထမဆုံး အကြိမ် ကျင်းပ သွားရန် စီစဉ် နေကြောင်း ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌက ပြောသည်။ 

“စက်တင်ဘာ ၂၈၊ ၂၉၊ ၃၀ သုံးရက်တာ လုပ်မှာပါ၊ နိုင်ငံရေး ပြောင်းလဲမှု အပေါ်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လို ပူးပေါင်း လုပ်ဆောင် နိုင်မလဲ ဆိုတာရယ်၊ တမျိုးသားလုံး ညီညွတ်ရေး အဲဒီ အခြေခံ သဘော တူညီချက်တွေ ရရှိဖို့ အဓိက ရည်ရွယ် ထားပါတယ်” ဟု ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။


ယခု ကဲ့သို့ ကျင်းပရန် စီစဉ် နေခြင်းသည် ပြည်တွင်း၌ တရားဝင် အနေအထား ကျင်းပနိုင်ရန် အတွက် ပထမဆုံး အကြိမ် ကြိုးစား နေခြင်း ဖြစ်သည်။

နှီးနှော ဖလှယ်ပွဲ အပါအဝင် ညီလာခံ ဖြစ်မြောက်ရေး အတွက်ကို မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ် ပါတီ တို့က ကမကထ ပြုကြမည် ဖြစ်သည်။

ထိုနိုင်ငံရေး ပါတီ (၃) ခုမှ ကိုယ်စားလှယ် များနှင့် ရဟန်း သံဃာများ အပါအဝင် အခြား လူမှုရေး အဖွဲ့အစည်း များမှ ကိုယ်စား လှယ်များ ပါဝင်ကာ နာယက (၅) ဦးနှင့် အဖွဲ့ဝင် (၁၅) တို့ဖြင့် နှီးနှော ဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မီတီအား ဖွဲ့စည်း ထားကြောင်း သိရသည်။

လာမည့် နှီးနှော ဖလှယ်ပွဲ၌ အဓိက အားဖြင့်မူ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော် အစိုးရမှ ကျင်းပမည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ညီလာခံ၌ ၂၀၀၈ ဖွဲ့စည်း ပုံအား ပြန်လည် ပြင်ဆင် ရေးဆွဲ နိုင်ရေး ကိစ္စရပ် များနှင့် တိုင်းရင်သား လူမျိုးစု များ၏ အခွင့်အရေး ဆိုင်ရာ များနှင့် ပတ်သက်၍ မွန်လူမျိုး တို့၏ ဘုံသဘော တူညီမှု တစ်ခုကို ရယူ နိုင်ရန်အတွက် အဓိကထား ဆွေးနွေး ကြမည် ဖြစ်ကြောင်း မွန်ဒီမိုကရေစီ ပါတီ ဒု-ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောသည်။

ထို့ပြင် မွန်လူမျိုး များမှ မွန်နိုင်ငံရေး ပါတီ (၂) ခု ပေါင်းစည်း နိုင်ရေးကို တွန်းအား ပေးနေ မှုများ ရှိနေသည့် အပေါ်လည်း ၄င်းမှာ အဆို တစ်ရပ် အနေဖြင့် ယခု ကျင်းပရန် ရှိသည့် နှီးနှော ဖလှယ်ပွဲတွင် ဆွေးနွေး ကြရန် ရှိနေကြောင်း ဒေါက်တာ မင်းကြည်ဝင်းမှ ဆိုပါသည်။

နှီးနှော ဖလှယ်ပွဲအား ပြည်တွင်း ပြည်ပမှ မွန်အဖွဲ့အစည်း များကို ကိုယ်စား ပြုသည့် သူများ အားလုံးနှင့် ရဟန်း သံဃာတော်များ အပါအဝင် နှံ့စပ်အောင် ဖိတ်ကြား သွားမည် ကိုယ်စားလှယ် (၄၀၀) ဦးခန့် ဖိတ်ကြား သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၉) ရက်နေ့ ၌လည်း ဖြစ်မြောက်ရေး ကော်မီတီ၏ ညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို မော်လမြိုင် မြို့၌ပင် ခေါ်ယူ ကျင်းပခဲ့ပြီး နှီးနှော ဖလှယ်ပွဲ ကျင်းပရေး အစီအစဉ် များနှင့် ဖိတ်ကြားမည့် ကိုယ်စားလှယ် အဖွဲ့အစည်း များအား ဆွေးနွေး ခဲ့ကြသည်။

ကျင်းပမည့် နေရာအား မွန်ပြည်နယ် အစိုးရ၏ ပြည်နယ် ခန်းမအား လျာထား သော်လည်း ခွင့်ပြုချက် မရခဲ့လျှင် ဟိုတယ် တစ်ခုခု၌ စီစဉ် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြောသည်။

နှီးနှော ဖလှယ်ပွဲ ကျင်းပ နိုင်ရေးနှင့် ပတ်သက်၍လည်း ပြည်နယ် အစိုးရ ထံသို့ တင်ပြ တောင်းဆို ထားခြင်း မရှိသေး သော်လည်း ၄င်းအား ပြည်နယ် အစိုးရမှ ခွင့်ပြု ပေးမည် ဖြစ်သည်ဟု မိမိတို့ ယုံကြည်ကြောင်း ဒေါက်တာ မင်းကြည်ဝင်း ပြောသည်။

“ဒီလိုမျိုး တွေ့ဆုံ ဆွေးနွေး တာမျိုး ကလေ သူတို့ ဘက်က ခွင့်ပြုနိုင်မယ့် အနေအထား ရှိမှာပါ၊ နိုင်ငံတော် ပေါ်လစီကို ထိခိုက် နိုင်မယ့် ကိစ္စ မျိုးတွေ မဟုတ်ပါဘူး၊ နေရာ ကတော့ ပြည်နယ် ခန်းမ မရ ရင်လည်း တစ်နေ ရာရာမှာ လုပ်သွား မှာပါ” ဟု ဒေါက်တာ မင်းကြည် ဝင်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့၌ မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြည်နယ် ဝန်ကြီး ချုပ်ထံ သွားရောက် တင်ပြခဲ့ပြီး မွန်နယ် ဝန်ကြီးချုပ်က တရားဝင် စာဖြင့် တင်ပြ တောင်းဆိုရန် ပြောကြား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ထံမှ သိရှိရသည်။

ယခု စက်တင်ဘာ လကုန် အတွင်း ကျင်းပရန် ရှိသည့် နှီးနှော ဖလှယ်ပွဲမှာ လာမည့် ၂၀၁၃ ဒီဇင်ဘာ လ၌ ကျင်းပရန် လျာထားသည့် မွန်အမျိုးသား ညီလာခံ အကြို ကျင်းပ ပြုလုပ်ချင်းလည်း ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

အစောပိုင်းနှစ် များ၌ မွန်ပြည်သစ်ပါတီ၊ မွန်ရေးရာ အဖွဲ့ (Mon Affair Union) တို့၏ ကမကထ ပြုမှုဖြင့် မွန်အမျိုးသား နှီးနှော ဖလှယ်ပွဲ များကို မွန်ပြည်သစ် ထိန်းချုပ် နယ်မြေဒေသ များ၌ (၆) ကြိမ်ခန့် ကျင်းပ ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။