Tuesday, August 13, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော် မပါဝင်ပါက ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ဟု ချင်းအမျိုးသားတပ်ဦး အဓိပတိ ကောင်စီဝင်ပြောကြား

(Eleven Media Group)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော် မပါဝင်ပါက ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ပြီး လုပ်ငန်းစဉ် ထိခိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။

 
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မည် ဆိုပါက အစိုးရနှင့် တပ်မတော်တို့၏ အမြင်များ ပါဝင်အောင်ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား၏ တိုင်းရင်းသားရေး၊ ပြည်တွင်းရေးနှင့် အနာဂတ် ပြည်ထောင်စုရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ဒေါက်တာဆလိုင်းလျန်မုန်းက ''လက်ရှိအခြေအနေမှာ အသစ်ရေးမယ် အဟောင်းပြင်မယ် ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ်။ ထိပ်တိုက်ရင်ဆိုင် သွားမယ်ဆိုရင် အီဂျစ်မှာလို အာဏာသိမ်းမှု ပြန်ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့က ဒါကိုလည်း မြင်ထားမှရမယ်။ နိုင်ငံရေး သမားတွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချတော့မယ်ဆိုရင် ဆုံးဖြတ်ထားတဲ့ အပေါ်မှာ ဘာတွေလာမယ်ဆိုတာ ပြင်ထားဖို့လိုမယ်'' ဟု ပြောကြားသည်။


အသစ်ရေးမလား အဟောင်းပြင်မလား ဆိုတာကို ပင်လုံကဲ့သို့သော ညီလာခံမှာ အားလုံးဝိုင်းပြီး စဉ်းစားကြဖို့ လိုတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဒီမိုကရေစီ အင်အားစုတွေ လူမှုအဖွဲ့အစည်းတွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်တဲ့ သူတွေရဲ့ အမြင်တွေတင် မဟုတ်ဘဲ...



လက်ရှိအချိန်တွင် တိုင်းရင်းသားများ ဒီမိုကရေစီ အင်အားစုများ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်များမှ တာဝန်ရှိသူများ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့အစိုးရ၊ တပ်မတော်မှ တာဝန်ရှိသူများ ပါဝင်ရန် လိုအပ်ခြင်းမှာ ၎င်းတို့၏ အမြင်များ ပါဝင်စေချင်သောကြောင့်ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။

''ကျွန်တော်တို့ အနေနဲ့ အသစ်ပဲရေးရေး အဟောင်းပဲပြင်ပြင် မူကိုပဲ ကျွန်တော်တို့ ယူသွားမယ်။ အသစ်ရေးမလား အဟောင်းပြင်မလား ဆိုတာကို ပင်လုံကဲ့သို့သော ညီလာခံမှာ အားလုံးဝိုင်းပြီး စဉ်းစားကြဖို့ လိုတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဒီမိုကရေစီ အင်အားစုတွေ လူမှုအဖွဲ့အစည်းတွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်တဲ့ သူတွေရဲ့ အမြင်တွေတင် မဟုတ်ဘဲ အဲဒါကို ကြိုက်ပြီးတော့ အဲဒါနဲ့ အာဏာယူပြီးတော့ အစိုးရလုပ်နေတဲ့ သူတွေရဲ့ အမြင်ကိုလည်း တင်ပြခွင့်ပေးရမယ်။ ဒါကို ဆွေးနွေးဖို့လိုအပ်တယ်။ သူတို့ရဲ့ အမြင်တွေကိုလည်း ကျွန်တော်တို့ နားထောင်ရမယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရမယ်'' ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ဆိုသည်။

''ဒီနေ့ ဒီအခြေအနေမှာ ပြင်ဖို့ကိစ္စနဲ့ အသစ်ရေးဖို့ ကိစ္စကို အဲဒီညီလာခံမှာ သူတို့ပါဝင် ဆွေးနွေးမယ်။ အဲဒီလိုမဟုတ်ဘဲ အသစ်ရေးမယ် ဆိုတာကို တင်ပြလိုက်တာနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ့ပြီး ဒီလုပ်ငန်းစဉ်ကြီး တစ်ခုခု ဖြစ်သွားနိုင်တယ်'' ဟု ဒေါက်တာဆလိုင်းလျန်မုန်းက သုံးသပ်ပြောကြားသည်။

အလားတူ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌဦးခွန်မြင့်ထွန်း ကလည်း ဥပဒေဘောင် အတွင်းမှ ဖြေရှင်းလို့မရသည့် ကိစ္စရပ်များကို နိုင်ငံရေး နည်းအရ ဖြေရှင်းနိုင်ရေးအတွက် လူမျိုးပေါင်းစုံ အလွှာပေါင်းစုံနှင့် အစိုးရပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီလာခံပြုလုပ်ရန် လိုအပ်သည်ဟု သြဂုတ် ၇ ရက်က ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။