(Mizzima)
သြဂုတ်လ ၅ ရက် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
များ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ အနောက်ပိုင်းတာဝန်ခံ ရဲဘော်သူရလည်း ပါဝင်လာခဲ့သည်။
သူ၏ အဖွဲ့အစည်းဖြစ်သည့် ABSDF သည် သြဂုတ် ၅ ရက် အစိုးရနှင့် ဆွေးနွေးမှုအတွင်း အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုရရှိခဲ့ပြီး သြဂုတ်၁၀ရက်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်မည် ဖြစ်သည်။
ရဲဘော်သူရသည် ရှစ်လေးလုံး အရေးတော်ပုံကာလက ရေဆင်း တိမွေးကုတက္ကသိုလ်တွင် နောက်ဆုံးနှစ်
ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားခဲ့သူဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တောခိုသွားခဲ့သည်။ နှစ်ပေါင်း ၂၅ နှစ်နီးပါး ကြာပြီးနောက် အိန်္ဒိယ-မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အနောက်ပိုင်း
မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုယ်စားလှယ်အဖြစ် အမိမြေသို့ ပထမဆုံး ပြန်လည် ရောက်ရှိလာသူ ဖြစ်သည်။
ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီတောင်းဆို အုံကြွမှုကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသား လူငယ်များ ထောင်နှင့်ချီ၍ ရောက်ရှိသွား
ခဲ့ကြခြင်းလည်း ဖြစ်သည်။
တော်လှန်ရေးကာလအတွင်း ABSDF တပ်ဖွဲ့ဝင် ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့ရ
သည်။ အစိုးရနှင့် ABSDF ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မကဒတ အနောက်ပိုင်းမှ တက်ရောက်လာသည့် တာဝန်ခံ ရဲဘော်သူရကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် ရှစ်လေးလုံးစိတ်ဓာတ် တော်လှန်ရေးအတွေ့အကြုံ ခံစားချက်များကို မဇိ္ဈမက မေးမြန်းထားခြင်းဖြစ်သည်။
အစိုးရနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် ဘယ်နှယောက်လာလဲ။ ဘာတွေ လုပ်ဆောင်မလဲ။
အနောက်ဘက်ကနေ ကိုယ်စားလှယ် ငါးဦးလာတယ်။ ကျွန်တော့်အနေနဲ့ ABSDF က အစိုးရနဲ့ အကြိမ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးလာတာ ဒီအဆင့် (ဗဟိုကော်မတီ အစုံအလင်နဲ့ လာရောက် ဆွေးနွေးတဲ့ အဆင့်) တော့
ရောက်လာပြီ။ မူဝါဒအရ လက်နက်ကိုင် တိုက်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။ အခြား တိုက်ပွဲ ပုံသဏ္ဍာန်တွေလည်း ပါတယ်။ ငြိမ်းချမ်းရေးရခဲ့ပြီးရင်တောင် ABSDF အနေနဲ့ လက်ရှိ ပြည်တွင်းမှာ လုပ် ဆောင်ရမယ့် စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ပါဝင်နိုင်တဲ့အပိုင်းတွေမှာ ပါဝင်လုပ်ဆောင်မယ်။
အပစ်အခတ်ရပ်စဲရေးအပိုင်းမှာ ဘယ်လို အချက်တွေ ပါမလဲ။
အခုဆိုရင် အပစ်ရပ်ထားတဲ့အဖွဲ့က အများစုဖြစ်နေတယ်။ ကျန်နေတဲ့အထဲမှာ ကျွန်တော်တို့ ပါနေတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက တစ်ပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အခြား အပစ်ရပ်
ထားတဲ့အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေ၊ အဲဒါတွေကို ခြုံငုံနိုင်တဲ့၊ ဆွေးနွေးချက်မျိုးတွေ ပါဝင်ပါမယ်။
အရင်တစ်ခေါက်တွေက ဆွေးနွေးပွဲတွေရဲ့ ရလဒ်က ဘာတွေဖြစ်မလဲ။
အရင်တစ်ခေါက်တွေက ဆွေးနွေးမှုတွေမှာ နှစ်ဖက်ကျေနပ်ကြလို့ ဒီအဆင့်အထိ ရောက်လာတာပဲ။
စစ်မှန်တဲ့ တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်အချက်တွေ လိုဦးမလဲ။
လက်ရှိအစိုးရအပါအ၀င် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့ ဆန္ဒရှိရင် ကြိုးစားပြီး အကောင်အထည်ဖော်လို့ရ
တယ်လို့ ထင်တယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲတာမျိုး၊ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် နိုင်ငံရေးလုပ်ငန်း
စဉ်တွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုတာမျိုးတွေ လိုအပ်ပါတယ်။ ပြည်သူကို လွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိရ
ပါမယ်။ ဒါတွေ အရေးကြီးပါတယ်။ အရေးကြီးဆုံးက၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ့် အချက်တွေ အများကြီးရှိပါတယ်။ အပစ်ရပ်အင်အားစုတွေ၊ လက်ရှိ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လွှတ်တော်ပြင်ပ အဖွဲ့အစည်းတွေ အာလုံးပါဝင်ပြီး ဒုတိယ ပင်လုံလို၊ အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးပွဲကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားချက်က တိုင်းရင်းသားတွေ အများကြီးရှိတယ်။ သူတို့ရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဒါတွေကို အာမခံရမယ်။ အဲဒါတွေ လုပ်နိုင်မှပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်။
အစိုးရအကျဉ်းထောင်ထဲမှာ ABSDF တပ်ဖွဲ့ဝင်တွေ ကျန်သေးလား။ သူတို့အတွက် ဘာဆက်လုပ်မလဲ။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ရင် ABSDF အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ကျန်ပါသေးတယ်။ အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့နေရာမှာ နားလည်တာ၊ လက်ခံတာ မတူညီတာတွေရှိသေးတယ်ပေါ့နော်။ ဆက်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ABSDF မှ မဟုတ်ဘူး။ ယုံကြည်ချက်ကြောင့် ကျနေတဲ့ နိုင်ငံရေး
အကျဉ်းသားတွေ အားလုံးအတွက် ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အနှစ်၂၀ ကျော်ကြာခဲ့တဲ့ တော်လှန်ရေးကာလမှာ ဘယ်လို အခက်အခဲတွေ ကြုံခဲ့လဲ။
ထူးခြားတာက နေရာတိုင်းမှာ တပ်ရှိတယ်။ အနောက်ဘက်ပိုင်းကို ပြောမယ်ဆိုရင် ကျွန်တော်တို့ မှီခိုနေတဲ့ အိနိ္ဒယနိုင်ငံ သူတို့ပြည်နယ်အတွင်း နိုင်ငံရေးပြဿနာတွေက အရမ်းကို ရှုပ်ထွေးတယ်။ အိန်္ဒိယတိုင်းရင်းသား လက်နက်ကိုင်တွေရှိတယ်။ အဲဒီကြားထဲမှာ ကျွန်တော်တို့တစ်တွေ အလုပ်လုပ်ရတာ အခက်အခဲတွေ အများကြီးရှိ
တယ်။
အိန်္ဒိယကရော သူနယ်မြေကို ရောက်လာတဲ့ မြန်မာကျောင်းသားတွေ ဒီမိုကရေစီရေး လှုပ်ရှားမှု အပေါ် ဘယ်လို သဘောထားခဲ့သလဲဗျ။
အိန်္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့၊ မြန်မာပြည် ဒီမိုကရေစီ ထွန်းကား
ရေးကိုလက်ခံထားပါတယ်။ သို့သော် သူ့ရဲ့ဒေသတွင်းနိုင်ငံရေး အခြေအနေတွေကြောင့် အိန်္ဒိယရဲ့ အားပေးမှု၊ တက်ကြွစွာ ထောက်ခံမှုကိုတော့ ကျွန်တော် အားမရပါဘူး။ ၁၉၉၅ ခုနှစ် မတိုင်ခင်တုန်းက အိနိ္ဒယရဲ့အားပေး
ထောက်ခံမှုနဲ့ အဲဒီနောက်ပိုင်း အားပေးထောက်ခံမှုတွေကို ကြည့်မယ်ဆိုရင် ပုံသဏ္ဍာန်လေးတွေ ပြောင်းနေတယ်။ အရှေ့မျှော် မူဝါဒကို ကျင့်သုံးပါတယ်။ တစ်ဖက်က မြန်မာပြည်အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုကြောင့် စိုးရိမ်တဲ့အပိုင်း
လည်းရှိတယ်။ စစ်အစိုးရလက်ထက်မှာရော၊ အခုအစိုးရလက်ထက်မှာရော အစိုးရအချင်းချင်း ဆက်ဆံရေးကို တိုးမြှင့်လာတယ်။ အဲဒါကြောင့် ဒီမိုကရေစီအရေးကို ထောက်ခံမှုအပိုင်း အားနည်းလာတယ်။ မြင်သာထင်သာမရှိ
ဘူး။ နှစ်နိုင်ငံပြည်သူလူထုချင်း ဆက်ဆံရေးက အရေးကြီးပါတယ်ဆိုတာ အမြဲ တိုက်တွန်းပါတယ်။
တော်လှန်ရေးကာလအတွင်း မြန်မာပြည် အနောက်ဘက်ပိုင်း တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်ခဲ့တော့ တိုင်းရင်းသာတွေနဲ့ ပါတ်သက်တဲ့အပိုင်းမှာ ဘာတွေမြင်ခဲ့လဲ။ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲ။
အဲဒီဟာကလည်း ကျွန်တော်တို့ ABSDF ရဲ့ထူးခြားချက်တစ်ခုပဲ၊ ၈၈ နောက်ပိုင်း ကျောင်းသားတွေဟာ တိုင်းရင်းသားဒေသတွေကို ရောက်သွားတယ်။ နေရာအနှံ့ပဲ။ တိုင်းရင်းသားပေါင်းစုံနဲ့ ထိစပ်ရတယ်။ ချင်း၊ ရခိုင်၊ နာဂ တိုင်းရင်းသားတွေရှိတယ်။ ၈၈ မတိုင်ခင်က မသိခဲ့တဲ့ သူတို့ရဲ့ ခံစားချက်တွေ သိလာရတယ်။ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ကြားထဲမှာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုရတယ်။
အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အနေအထားကို ဘယ်လိုမြင်ခဲ့သလဲ။
လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးမှု အင်မတန်နှေးကွေးတယ်။ အင်မတန် ခေတ်နောက်ကျတဲ့ ဒေသကြီးဖြစ်နေတယ်။ ချင်းပြည်နယ်၊ ချင်းတောင်တန်းကြီး ဒီဟာတွေအပေါ်မှာ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ အခြားနေရာဒေသ
ပြည်နယ်တွေထက်ကို ပိုပြီး ဆိုးရွားပါတယ်။ တစ်နေရာနဲ့တစ်နေရာ တစ်တောင်ဆင်း တစ်တောင်တက် ခြေလျင်
သွားရတဲ့ နေရာက များတယ်။ ကျန်းမာရေး၊ ပညာရေး အမြဲနိမ့်ကျနေတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ အားနည်းပါ
တယ်။ တခြားလုပ်နိုင်မယ့် လုပ်ငန်းတွေကလည်း လမ်းပန်းမ ကောင်းတော့ မဖြစ်ထွန်းဘူး။ ဆေးရုံ၊ ဆေးခန်းမရှိတဲ့
နေရာတွေက အများကြီးပဲ။
ABSDF ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ထိ ပေါက်မြောက်ပြီလဲ။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက မြန်မာတစ်နိုင်ငံလုံးရဲ့ အဓိက လိုအပ်နေတဲ့ ရည်မှန်းချက်တွေကို ချမှတ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးပြည့်စုံသွားပြီလား၊ ရပြီးလားဆိုတော့ မရသေးပါဘူး။ ဒီဟာတွေရဖို့ ဆက်လက်
ကြိုးပမ်းဆဲကာလပဲ ဖြစ်ပါတယ်။ ABSDF ကတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ တောက်လျှောက် တက်ကြွစွာ ပါဝင်ခဲ့တဲ့ ကျောင်းသားထုကို အခြေပြုထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်
တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာ ပြောချင်ပါတယ်။
၈၈၈၈ မှာရော ဘယ်လိုပါဝင်ခဲ့လဲ။
အဲဒီအချိန်က ရေဆင်း၊ တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးမှာ နောက်ဆုံးနှစ် တက်နေတုန်းပါ။ ကျွန်တော်တို့ စစ်ကိုင်းမြို့မှာ ရဲစခန်းရှေ့ လူသတ်ပွဲကြီးက ပြည်သူတွေအတွက် အင်မတန် ကြောက်ခမန်းလိလိ ဖြစ်စေခဲ့တယ်။ တုန်လှုပ်စရာဖြစ်ခဲ့တယ်။ ဒီအရေးတော်ပုံမှာ ပါဝင်ပတ်သက်တဲ့ ပြည်သူတွေဟာ ကစဥ့်ကလျား ပြေးလွှားခဲ့ရတယ်။ ကျဆုံးတဲ့သူတွေ ကျဆုံးခဲ့တယ်။ မိတစ်ကွဲ ဖတစ်ကွဲ ဖြစ်တဲ့သူတွေ ဖြစ်ခဲ့ရတယ်။ ဒီ မြင်ကွင်းတွေကို ကြည့်ပြီးတော့၊ စစ်အာဏာရှင်စနစ်ကြီး ရှိနေလို့၊ ဒီလိုနှိမ်နင်းခံရတာ၊ ဒီတော့ လက်နက်ကိုင် တိုက်ပွဲဆင်နွှဲမှပဲရမယ်ဆိုပြီးတော့ အဲလို ပါဝင်ခဲ့တာပဲ။ ကျွန်တော်တို့ နောင်တော်အဆက်ဆက်ကလည်း စစ်အာဏာရှင်စနစ်ကို တိုက်ခဲ့ကြတာပဲ။ ကျွန်တော်တို့ခေတ် ရောက်လာတော့ ဆိုးရွာတဲ့ အဆင်းရဲဆုံးအဆင့် ရောက်လာတော့ ၈၈၈၈ ပြည်သူတွေ ထတိုက်ရတာပဲ။ တစ်ပါတီအာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တယ်။ လိုချင်တဲ့ ပန်းတိုင်အထိ မရောက်ခဲ့ဘူး။ သို့သော်
ရောက်အောင်သွားရမှာပဲ။
အိန်္ဒိယနိုင်ငံဘက် တော်လှန်ရေးနယ်မြေထဲ ရောက်သွားတော့ ဘယ်လိုအခက်အခဲတွေ ပထမဆုံး ကြုံလိုက်ရလဲ။
ကျွန်တော်တို့ ရဲဘော်တွေက ထိုင်းဘက်၊ ကချင်ဘက် ရောက်သွားတယ်။ တခြားနေရာဒေသတွေမှာ စစ်အာဏာရှင်
ကို တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရှိတယ်။ သူတို့ရဲ့နွေးထွေးမှုနဲ့ ကျောင်းသားတပ်မတော်
ဆိုတာ ဖြစ်လာတယ်။ ကျွန်တော်တို့ ရောက်တဲ့နေရာက တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိဘူးဗျ။ ရောက်ရှိလာတဲ့
ကျောင်းသားတွေ စုစည်းပြီးတော့ ကြိုးပမ်းကြတော့ အကန့်အသတ်တွေအများ ကြီးကြားမှာ လှုပ်ရှားခဲ့ရတယ်။ ရည်မှန်းချက်အတိုင်း စစချင်း လုပ်ဆောင်လို့ မရခဲ့ဘူး။ အိန်္ဒိယ၊ မဏိပူ လက်နက်ကိုင်တွေရှိနေတာ့ အိန်္ဒိယအစိုးရက ကျွန်တော်တို့ လုံခြုံရေးကို တာဝန်ယူလိုက်တယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်အတွက် နားလည်မှုတည်ဆောက်နေရတဲ့ အခက်အခဲ တော်တော်လေးဖြစ်သွားတယ်။
အခု မြန်မာပြည်ကို ပထမဆုံး ခြေချလိုက်ရတော့ ဘာခံစားမိလဲဗျ။
ပြည်သူတွေနဲ့ ထိတွေ့လိုက်ရတော့ ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်တယ်။ ဒါပေမဲ့ ပြည်သူတွေ ဆင်းရဲမွဲတေမှုပေါ့၊ အစိုးရက ပြောင်းတယ်ပြောပေမယ့်၊ လုပ်ထုံး၊ လုပ်နည်းတွေ မပြောင်းလဲသေးဘူးဆိုတာတွေ့ လိုက်ရတယ်။ ၁၉၈၈ ခုနှစ်ကနဲ့ တိုင်းတာမိတာ၊ ကျွန်တော်တို့က အိန်္ဒိယနယ်စပ်ဘက်ကနေ ၀င်လာတာ ဆိုတော့ လမ်းပန်းဆက်သွယ်
ရေး ပြောင်းလဲတာတွေ တွေ့တယ်။ ပြောရဲဆိုရဲ ရှိလာတယ်။ သူတို့ရဲ့ စားဝတ်နေရေးက ပြောင်းလဲမှု မရှိသေးဘူး
ပေါ့။ နောက် လူငယ်တွေနဲ့တွေ့တော့ ဘယ်လိုပဲ အခက်အခဲရှိရှိ လူငယ်တွေဟာ ဆက်သွယ်ရေးနည်းပညာ IT (Information Technology) ပိုင်းမှာ ခေတ်နဲ့အညီ လိုက်ပါနေတာကို တွေ့ရတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုကို ၀မ်းသာအားရ ဖြစ်မိတယ်။ ဒါကတော့ ကြည်နူးစရာပေါ့ဗျာ။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။