Wednesday, August 14, 2013

အချင်းချင်း ပစ်ခတ်မှုအား အထူးစုံစမ်း စစ်ဆေးမှု ပြုလုပ်မည်ဟု KNU/KNLA – PC ဆို

(ရွှေဟင်္သာသတင်းဌာန)



မိမိတို့ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ် သေဆုံး ခဲ့သည့် ဖြစ်စဉ်အား KNU/ KNLA-PC မှ အထူး စုံစမ်း စစ်ဆေးမှု ပြုလုပ် သွားမည် ဖြစ်ကာ အမြန်ဆုံး အဖြစ်မှန် ဖော်ထုတ် နိုင်ရေး အတွက် ကြိုးပမ်း နေကြောင်းလည်း ၄င်းအဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါးက ပြောသည်။

ဖြစ်တာက မနေ့ မနက် ၇ နာရီနဲ့ ၈ နာရီ မှာပါ။ အချင်းချင်း စကား များပြီး ပစ်ကြတယ်။ ဘယ်ကနေ ဘယ်လို ဖြစ်သလဲ ဆိုတာကို စုံစမ်း နေဆဲ ပါပဲ။ ဒီလို အဖြစ်မျိုးက တခါမှ မဖြစ် ဖူးဘူး။ အထူး စုံစမ်း နေပါ တယ်။ ကျနော်တို့ လူကို ကျနော်တို့ ကိုယ်တိုင် စုံစမ်း စစ်ဆေးမှ အဖြေပေါ် မှာပါဟု ဆိုပါသည်။


တပ်ရင်း ၇၀၉ သည် ဘုရားသုံးဆူ အခြေစိုက် ဗိုလ်မှူးကြီး တိုက်ဂါး လက်အောက်ခံ ဗိုလ်နေစေ (ခေါ်) ဗိုလ်ညာကွီ ၏ တပည့်များ ဖြစ်ကြ သည်ဟု ဆိုပါသည်။

ထိုဖြစ်စဉ်သည် ကရင် ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက် ခြမ်းရှိ မြိုင်ကလေး အပိုင်း ဘုရင်ဂျီ ကျေးရွာ အနီး နို့ခလိ ရွာ၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ရွာသား ပြောပြတာက တပည့်က စကားများရင် တပည့်က ဆရာကို သေနတ်နဲ့ ၂ ချက် ပစ်တယ်။ နောက်ပြီးသူ့ သူငယ်ချင်း ကို ၃ ချက် ပစ်လိုက်တယ်။ သူ့ကိုသူ တော့ ၁ ချက်ပစ်တယ်။ ၃ယောက် စလုံး ပွဲချင်းပြီး သေဆုံး သွားတယ်ဟု KNU ဘားအံမြို့ ဆက်ဆံရေးရုံး တာဝန်ခံ စောရှီးရှိုက ၄င်း ဖြစ်စဉ်အား ထပ်မံ၍ အတည်ပြု ပြောဆိုသည်။

အချင်းချင်း ပစ်ခတ်၍ သေဆုံး သွားခဲ့သည့် မိမိတို့ တပ်ဖွဲ့ဝင် KNU/ KNLA-PC ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ တပ်ရင်း ၇၀၉ မှ ဗိုလ်ကြီး ဘဂျမ်းနှင့် အခြား နှစ်ဦး တို့၏ အလောင်း များအား ယနေ့ နေ့လည်တွင် ထန်းကိုးပင် ကျေးရွာတွင် မီးသဂြိုလ် လိုက်ပြီ ဖြစ်ကြောင်း ၄င်းအဖွဲ့မှ ဗိုလ်မှူးချုပ် တစ်ဦးက ယနေ့၌ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား သွားသည်။

မှုခင်း ဖြစ်ပွား ခဲ့သည့် KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီဝင် များသည် KNU မှ ကော့ကရိတ် မြို့နယ် ထိုးကော့ကို၌ ပြုလုပ်သည့် (၆၃) နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနား တက်ရောက် ရာမှ ပြန်လာ ကြခြင်း ဖြစ်ပြီး အခင်းဖြစ်ပွား ခဲ့ကြစဉ် အရက်သေစာ သောက်စားကာ မူးနေသည့်ဟန် ရှိကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ဒီဗွီဘီ သတင်းဌာန မေးမြန်းချက်အား ပြန်လည် ဖြေကြား ထားခဲ့သည်။

၎င်းဖြစ်စဉ်တွင် ပါဝင် ခဲ့သည့် ဒု-ဗိုလ် လှဝင်း အသက်ရှင်လျက် ကျန်ရစ်ပြီး ၄င်းအား ပြည်နယ် ရဲစခန်းမှ မေးမြန်းပြီး ပြန်လွှတ် ပေးခဲ့ ကြောင်းလည်း ရဲမှူးမှ ထပ်မံ ပြောကြား ထားကာ ၊ ဗိုလ်မှူးကြီး တိုက်ဂါးမှလည်း ဆေးမှူး တစ်ဦး အသက်ရှင် ကျန်ရစ်ကာ ဆေးရုံ တင်ထား ရကြောင်း ဆိုပါသည်။

၎င်း ရဲမှူးကြီး စိန်လွင်အား ရွှေဟင်္သာ သတင်းဌာနမှ ဆက်သွယ် မေးမြန်းရန် ကြိုးစား ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

KNU/KNLA-PC အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ လက ကရင် အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၇) မှ ခွဲထွက် ခဲ့ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူ ခဲ့သည့် အဖွဲ့ဖြစ်ကာ ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ် စောထိန်မောင် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။