Monday, August 5, 2013

ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် မွန်ပါတီတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေ ဆွေးနွေး

(Mizzima)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ပါကိုနှင့် လွှတ်တော်အမတ်များ မွန်ပြည်နယ်
သို့ ရောက်ရှိနေစဉ် မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့နှင့် သြဂုတ် ၂ ရက်တွင် တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌအဖွဲ့သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေအပြင် တိုင်းရင်းသားများအနေဖြင့် အနာဂတ်မြန်မာနိုင်ငံကို မည်သို့သော ဖွဲ့စည်းအုပ်ချုပ်မှုပုံစံဖြင့် ဖြစ်စေလိုကြောင်း ဆွေးနွေးခဲ့ကြပြီး ယင်းအပေါ် ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးသွားမည်
ဟု ပြောကြားခဲ့ကြောင်း မွန်ဒီမိုကရေစီပါတီမှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒါကို ဘယ်လို တည်ထောင်မှာလဲ ရှင်းပြတာပေါ့။ သူတို့ဘက်ကတော့ ဒီအပေါ်မှာ တက်နိုင်သလောက် ၀ိုင်းဝန်းကူညီသွားဖို့၊ အချိန်ယူပြီးတော့ စောင့်ဆိုင်းပေးဖို့ ပြောသွားတယ်”ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်များသည် မွန်နိုင်ငံရေးပါတီများအပြင် မွန်ပြည်နယ် အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်များ၊ မွန်လူမှုအဖွဲ့အစည်းနှင့် မွန်ပြည်နယ်ရှိ လူငယ်များတို့နှင့်
လည်း သီးသန့် တွေ့ဆုံခဲ့ကြသည်။

“ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အမှန်တကယ်ဖြစ်ဖို့၊ အစိုးရအနေနဲ့လည်း ပေးထားတဲ့ ကတိက ၀တ်တွေကို တည်ဖို့ နောက်တစ်ခုက ပညာရေးအပိုင်းပေါ့။ အရည်အသွေးရှိတဲ့ ပညာရေးကို လွတ်လွတ်လပ်လပ် သင်ကြားခွင့်
မရဘူး ဆိုတာရယ်၊ ပညာရေးနိမ့်ကျလို့ အလုပ်အကိုင် အခွင့်အလမ်းမှာလည်း အခက်အခဲဖြစ်တယ်။ အဲဒါတွေကို တင်ပြတာပေါ့”ဟု တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သူ ကိုကြည်ဇော်လွင်က ပြောသည်။

ထို့အတူ လူငယ်များနှင့် တွေ့ဆုံရာတွင် လက်ရှိ မွန်ပြည်နယ်သစ်ပါတီနှင့် အစိုးရကြား ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှု လုပ်ငန်းစဉ်များ ယင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ ပါဝင်မှုအခန်းကဏ္ဍနှင့် ပညာရေးဆိုင်ရာတို့ကို လူငယ်တို့က တင်ပြ ဆွေးနွေးခဲ့သည်။

ဗြိတိန်လွှတ်တော်အမတ် ဂျွန်ဘာကိုးနှင့်အဖွဲ့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်ဖြင့်
မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သူနှင့်အတူ ကွန်ဆာဗေးတစ်ပါတီနှင့် လေဘာပါတီတို့မှ အမျိုးသမီး လွှတ်တော်
အမတ်တို့လည်း ပါလာခဲ့သည်။

ခရီးစဉ်တစ်လျှောက်တွင် သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးများ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ၄င်းတို့သည် နေပြည်တော်နှင့် ရန်ကုန်တို့အပြင် ပြည်နယ်နှင့် တိုင်းများ
အနက် မွန်ပြည်နယ်တစ်ခုတည်းကိုသာ လာရောက်ခဲ့ခြင်း ဖြစ်သည်။

ဂျွန်ဘာကိုးနှင့်အဖွဲ့သည် သြဂုတ်လ ၃ ရက်တွင် သံဖြူဇရပ်မြို့ရှိ “သေမင်းတမန်” ရထားလမ်း ဖောက်လုပ်စဉ်က
သေဆုံးသွားခဲ့သည့် ဗြိတိသျှ၊ သြစတြေးလျ၊ ဒတ်ခ်ျ စစ်မှုထမ်းများနှင့် အာရှ ချွေးတပ်သားများ၏ ရုပ်ကြွင်းများ
မြှုပ်နှံထားသည့် စစ်သင်္ချိုင်းသို့လည်း သွားရောက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။