Tuesday, August 20, 2013

မစ္စတာ ကင်တားနား၏ ရှမ်းမြောက် နမ့်ဆန်မြို့ ခရီးစဉ်

(ရွှေဟင်္သာသတင်းဌာန)



ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနား သည် ယနေ့ နံနက် (၉) နာရီ အချိန်တွင် ရှမ်းမြောက်ပိုင်း နမ့်ဆန် မြို့သို့ ရောက်ရှိ လာပြီး မြို့မှ တာဝန် ရှိသူများ၊ မြို့မိ မြို့ဖ များနှင့် ဧည့်ရိပ်သာ ခန်းမ အတွင်း၌ တွေ့ဆုံ သွားခဲ့ကြောင်း အခမ်းအနား တက်ရောက်သူ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

သူတို့ သိချင်တဲ့ မေးခွန်း လေးတွေ မေးသွား ပါတယ်။ တိုင်းရင်းသား အရေးတွေရဲ့ လက်ရှိ အခြေအနေ၊ ငြိမ်းချမ်းရေး အခြေအနေ၊ ဒုက္ခသည် ရှိမရှိ မေးမြန်း သွားပါတယ်ဟု ဆိုပါသည်။


မစ္စတာ ကင်တားနားသည် နိုင်ငံခြားသား ၃ ဦးနှင့် အခြား အဖွဲ့ဝင်များ စုစုပေါင်း (၇) ဦး တို့လိုက်ပါ လာပြီး ယနေ့ နံနက် ၉နာရီ အချိန်တွင် နမ့်ဆန်မြို့ကို ရောက်ရှိ လာခဲ့ပြီး၊ နမ့်ဆန် မြို့၏ ဧည်ရိပ်သာ ခန်းမ ဆောင်၌ ပလောင် အမျိုးသား ပါတီ ဥက္ကဌ ဦးမောင်ကျော်နှင့် အဖွဲ့ဝင် (၃) ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာ အဖွဲ့ဝင်များ နှင့် မြို့မိမြို့ဖ စုစုပေါင်း ၁၅ ဦးခန့်တို့ကို ၂ နာရီခန့်လက်ခံ တွေ့ဆုံ ခဲ့သည်။

ဤခရီးစဉ်သည် မစ္စတာ ကင်တားနား အနေဖြင့် မြန်မာနိုင်ငံ အတွင်း လူ့ခွင့်ရေး အခြေအနေများ ဆိုင်ရာ အချက်အလက် များကိုလာရောက် စုဆောင်ခြင်း ဖြစ်သည်ဟု ပဏာမ ပြောကြား သွားခဲ့သည်။

မစ္စတာ ကင်တားနား မေးမြန်း သွားသည်ကို ပလောင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ဦးစီး ဥက္ကဌ ဦးမောင်ကျော် (ပလောင်အမျိုးသားပါတီဥက္ကဌ) က ပြန်လည် ဖြေကြား ပေးသွား ခဲ့သည်ဟု မြို့မိမြို့ဖ က ဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမောင်ကျော် က တအာင်း PSLF/TNLA အဖွဲ့က လူကြီး ဦးအောင်မင်းနဲ့ တွေ့ခဲ့တယ်။ကြမ်းအဖျင်း အနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ပြန်တွေ့ဖို့ ဦးအောင်မင်းက ပြောကြား သွားတာ ရှိတယ်ဟု ဆိုသည်။

ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲရဲ့ ရလဒ်၊ တင်ပြချက် များကို လာမည့်အောက်တိုဘာ လမှာ ကျင်းပ သည့် ကုလသမဂ္ဂ ညီလာခံ၌ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး အခြေအနေ အစီရင် ခံစာ ထဲမှာ ပါအောင် ထည့်သွင်း ပေးသွား မည်ဟု မစ္စတာ ကင်တားနားက ပြောဆို သွားခဲ့ ပါသည်။

ဒုက္ခသည် ရှိမရှိ ဆိုသည့် အမေးကို ဦးမောင်ကျော်က ကျနော်တို့ နမ့်ဆန် မြို့နယ်မှာတော့ လောလော ဆယ်မှာ တိုက်ပွဲတွေ မရှိ သေးတော့ ဒုက္ခသည်တွေ မရှိ သေးပါ။ ကျောက်မဲ မြို့နယ်နဲ့ မိုင်းငေါ့ မြို့နယ် မှာတော့ တိုက်ပွဲတွေ ဆက်ရှိ နေတယ် ဆိုတော့ ဒုက္ခသည် တွေ ရှိတယ်ဟု ပြန်လည် ဖြေကြား သွားခဲ့ သည်ဟု ဆိုသည်။

မစ္စတာ ကင်တားနားတို့ အဖွဲ့သည်၁၁ နာရီ အချိန်တွင် ပလောင် လက်ဖက် စိုက်ပျိုး သူများ အသင်းကို ၅ မိနစ်ခန့် ဝင်ရောက် တွေ့ဆုံ ခဲ့ပြီး နမ့်ဆန်မြို့ကို တစ်ပတ် ပတ်ကာ နေ့လည် ၁၂ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။