Thursday, September 11, 2014

ကေအင်ယူ ဘယ်လဲ

(Aung Htoo)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) အစည်းအဝေး တက် ရောက်နေရာမှ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် ကေအင်ယူသည် ယူအင်န် အက်ဖ်စီအဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်ချက် ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကိုစိတ် ၀င် စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်းရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င် ပင်။



ကေအင်ယူ အတွက် ဤသို့ အရေးကြီးလာသည့်အချိန်တွင် စာရေးသူသည်နှစ်ပေါင်းများစွာ ကေအင်ယူ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ကို သတိရမိသည်။ရှစ်လေးလုံး အရေးတော်ပုံပြီးသည့် နောက် ၁၉၈၉ ခုနှစ်အတွင်း မာနယ်ပလော လွတ်မြောက်ဒေသကိုစတင်ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ စာရေးသူသည် ဗိုလ်ချုပ်ကြီးမြကို လေ့လာခွင့်ရခဲ့သည်။ ယောက်ျားပီသ၊တိကျပြတ်သား ခန့် ညားသော ဥပဓိရုပ်ရှိရုံသာမက သတ္တိ ဗျတ္တိ နှင့် ပြည့်စုံပြီး မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီ တိုင်းမှနေ၍ အလယ်ပိုင်းတောင်ငူခရိုင် ရောက်သည်အထိ အသွားအပြန်ခြေလျင်လျှောက်ကာတောက်လျှောက်စစ်တိုက်ခဲ့သူ စစ်သူကြီးတဦးဖြစ်သဖြင့် မဟာမိတ် တပ်ပေါင်းစု ခေါင်းဆောင်များအားလုံးက သူ့ ကို လေးစားခဲ့ကြရသည်။

သူ ဦးဆောင်တည်ထောင်ခဲ့သည့် နိုင်ငံရေးတပ်ပေါင်းစု အရှိန်အ၀ါနောက်ခံတွင်မာနယ်ပလောလွတ်မြောက် နယ်မြေကြီး ထီးထီးမားမား ပေါ်ထွက်လာခဲ့သော အခါ ကရင့် တော်လှန်ရေးအလံသည် တပ်ပေါင်းစု၏ ထိပ်တွင် တလူလူ လွင့်ပျံခဲ့သည်။ ကရင်အမျိုးသားတိုင်းဂုဏ်ယူ ဘွယ်ရာဖြစ်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးမြ ဦးဆောင်သည့် ကေအင်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်များသည်နိုင်ငံရေးတပ်ပေါင်းစုကို ရင်ဝယ်သားသဖွယ် ချစ်မြတ်နိုးခဲ့ကြသည်။ တပ်ပေါင်းစု နှင့်အောင်ပွဲခံရမည် ဟူသော နိုင်ငံရေးကြွေးကြော်သံကို စိုက်ထူခဲ့ကြသည်။ နိုင်ငံရေးစစ်ရေးအခက်အခဲ အကြပ်အတည်း အမျိုးမျိုး အကြားမှပင် တပ်ပေါင်းစု အဖုံဖုံကို တည်ဆောက်နိုင်၊ဦးဆောင်နိုင်ခဲ့ကြသည်။ ကိုယ်လိုခြင် တာမရ၍ တပ်ပေါင်းစု အစည်းအဝေးမှ ထွက်ခွာခဲ့သည့်ဖြစ်ရပ်မျိုးကို စာရေးသူ မကြားမိခဲ့ဘူးပါ။

ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ထိုစဉ်က ကေအင်ယူခေါင်းဆောင်များတွင်ထူးခြားချက်သုံးရပ်ရှိသည်။ တရပ်မှာ တော်လှန်ရေး အမြင်ဖြစ်သည်။ ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထုတခုတည်းအတွက်သာ မဟုတ် ဘူး၊ တိုင်းရင်းသားပေါင်းစုံလူထု ကြီး တရပ်လုံးအတွက် ဖြစ်တယ်ဟူ၍ ဗိုလ်ချုပ်ကြီးမြ၏ ကြုံးဝါးသံကြီးအောက်တွင် အခြားတိုင်းရင်းသားခေါင်းဆောင် များသာမကဒီမိုကရေစီအင်အားစုများ အားလုံးအတွက် အားဆေးကြီးဖြစ်စေခဲ့ သည်။ ကေအင်ယူခေါင်းဆောင်များတွင်ကျယ်ပြန့် သော အမျိုးသားရေးအမြင်၊ တော်လှန်ရေး အမြင်ရှိကြသည် ဟူ၍ အားလုံးကလေးစားခဲ့ကြသည်။

အခြားတရပ်မှာ ရန်သူအပေါ် အမြင်ရှင်းခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ရန်သူ ဟူ၍ ရှင်းလင်းစွာ မြင်ခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်၍ မရနိုင်ဟူသည်ကို ကောင်းစွာသိမြင်ကြသည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် ကြိုးစားခြင်းမှာယခုမှ ပေါ်လာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်မဟုတ်။ ၁၉၅၆ ခုနှစ် မှစတင်၍ ကေအင်ယူ ပါဝင် ဖွဲ့ စည်းခဲ့သော မဒညတ တပ်ပေါင်းစုခေတ်ကထဲက စတင်ကျင့်သုံးရန်ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ တော်လှန်ရေး ကောင်စီခေတ် ဆွေးနွေးပွဲများပျက်ပြားပြီးနောက်ပိုင်း တွင်လည်းကောင်း၊ ရှစ်လေးလုံး အရေးအခင်းကြီးပြီးသည့် နောက်ပိုင်းတွင်လည်းကောင်းတပ်ပေါင်းစု အနေဖြင့် ဖြစ်စေ၊ ကေအင်ယူ အနေဖြင့် ဖြစ်စေ၊ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးဖြစ်သည်။သို့ ရာတွင် ထိုစဉ်က စစ်အာဏာရှင်များသည် ကေအင်ယူ ဦးဆောင်ခဲ့သည့် တိုင်းရင်းသား တပ်ပေါင်းစုများနှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရဲခဲ့ခြင်းမရှိပါ။ အကြောင်းတချက်မှာ ဗိုလ်ချုပ်ကြီးမြနှင့်သာ မျက်နှာခြင်းဆိုင်ဆွေးနွေးခွင့်ရပါက မဟာလူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ်ကိုခင်ဗျားတို့ အရင်စွန့် လွှတ်ကြပါ ဟူ၍ ၄င်းက ပြတ်ပြတ်သားသား အရင်းဆုံးစတင်ပြောဆိုဖွယ်ရှိသောကြောင့်ပင်။

နောက်ဆုံးတရပ်မှာ ပြည်ထောင်စု တခုလုံးကို လွှမ်းခြုံမည့်နိုင်ငံရေးဆွေးနွေးပွဲကိုတပ်ပေါင်းစု နှင့်သာ လုပ်ဆောင်မည် ဟူသည့်အပေါ် ဗိုလ်ချုပ်ကြီး မြ ဦးဆောင်ခဲ့သည့် ကေအင်ယူခေါင်းဆောင်များကခိုင်ခိုင်မာမာ စွဲကိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖြင့် မာနယ်ပလော လွတ်မြောက်နယ်မြေ ကျဆုံးသွားခဲ့သော်လည်းကေအင်ယူ၏ နိုင်ငံရေးအလံ သည် တောက်လျှောက်မြင့်ခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲခဲ့သည့်အခြား အဖွဲ့ အစည်းများ၊ ခေါင်း ဆောင်များသည်  ကေအင်ယူဘေးတွင် ၀န်းရံခဲ့ကြရသည် ဟု ဆိုနိုင်သည်။ယခု ကေအင်ယူခေါင်းဆောင်များသည် ရှေ့ ခရီးကို မည်သို့ ဆက်ကြပါမည်နည်း။ ဗိုလ်ချုပ်ကြီးမြဦးဆောင်ခဲ့သည့် ခေတ်က ကေအင်ယူ ခေါင်းဆောင်များ ကဲ့သို့ ကျယ်ပြန့် ၊ ခိုင်မာ၊ ရှင်းလင်းသောအမြင်များ ဆက်လက် စွဲ ကိုင်ထားကြပါသေးရဲ့ လား ဟူသည်ကို စစ်ကြော ရန် လိုအပ်ကောင်း လိုအပ်ပါမည်။

အဘယ်ကြောင့် ယူအင်အက်ဖ်စီ အဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရခြင်းဖြစ်ကြောင်း လက်ရှိ ကေအင်ယူ ခေါင်းဆောင်တဦး၏ ရှင်းပြချက်ကို လေ့လာကြည့်ရာ အချက်နှစ်ချက်ကိုသတိပြုမိသည်။ တချက်မှာ ကေအင်ယူမှာ အချုပ်အခြာအာဏာရှိကြောင်းနှင့် အခြားအဖွဲ့ အစည်းများ၏ဆုံးဖြတ်ချက်ကို လက်မခံနိုင် ကြောင်း ဟူ၍ ဖြစ်သည်။ အချုပ်အခြာအာဏာကို အင်္ဂလိပ်ဘာသာနှင့်Sovereignty ဟု ခေါ်သည်။ အချုပ်အခြာအာ ဏာကို အဖွဲ့ အစည်း တရပ်နှင့် ယှဉ်တွဲသုံးစွဲ၍မရနိုင်ပါ။တိုင်းပြည်နှင့်သာ ယှဉ်တွဲသုံးစွဲရသည်။ ပြည်ထောင်စုဖွဲ့ စည်း ရာ တွင်ပါဝင်ပြီး ဖြစ်ပါကပြည်နယ်တခုလုံးအနေဖြင့်ပင် ယှဉ်တွဲသုံးစွဲ၍ မရနိုင်ပါ။ ငါတို့ ပြည်နယ် မှာ အချုပ်အခြာအာဏာရှိတယ် ဟု ပြော၍ မရနိုင်ပါ။ မိမိတို့ အဖွဲ့ အစည်းအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်ဟု ပြောခြင်းကိုမူ လက်ခံရပါမည်။

သို့ ရာတွင် ယင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သည်ပင် ဗိုလ်ချုပ်ကြီးမြဦးဆောင်ခဲ့သည့်ခေတ်က ကေအင်ယူ ခေါင်း ဆောင်ကြီးများကိုင်စွဲခဲ့သည့် မူ တို့ နှင့်ညီမညီကိုမူ လက်ရှိကေအင်ယူ ခေါင်းဆောင်များ ပြန်လည် စဉ်းစား ကောင်း စဉ်းစားကြလိမ့်မည် ဟု မြှော်လင့်ရုံမှတပါးစာရေးသူတွင် မည်သို့ မျှ ပြောပိုင်ခွင့်မရှိပါ။ ဤသည်မှာ ကေအင်ယူ၏ ကိစ္စသာဖြစ်ပါမည်။

ဒုတိယတချက်မှာ Top Down စနစ်ကို လက်မခံ၊ ညှိနိုင်းဆုံးဖြတ်အကောင်အထည် ဖေါ်တဲ့စနစ်ကို ကျင့်သုံး သွားမယ်၊ တူတာပူးပေါင်းလုပ်ပြီး မတူတာ ခွဲလုပ်သွားမယ်ဟူသော မူဝါဒကို တင်လာခြင်းဖြစ်သည်။ ဤ သည်ကိုမူ ပြည်ထောင်စု တရပ်လုံး၏ အကျိုးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအကျိုးတို့ ကို ထောက်ထားကာ ကေအင်ယူ ခေါင်း ဆောင်များ ကိုယ်တိုင်သော်လည်းကောင်း၊ အများပြည်သူတို့ အနေဖြင့်လည်းကောင်း၊ စဉ်းစားခွင့်ရအောင် သုံးသပ် ရန်လိုအပ်လာသည်။

တူတာတွဲလုပ်၍ မတူတာ ခွဲလုပ်မည် ဟူသည်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအတွင်း အလျားလိုက် သို့ မဟုတ် ဘေးတိုက် ဆက်ဆန်ရေးကို အဓိကထားတည် ဆောက်သွားမည့်သဘောဆောင်သည်။ ဤလိုမူ မျိုးနှင့် ဆိုလျှင်မူ စစ်အာဏာရှင်စနစ်ကို မည်သို့ မျှအနိုင်တိုက်နိုင်ဘွယ်မရှိပါ။ မြန်မာနိုင်ငံ၏ အဓိက ပြသနာမှာ စစ်အာဏာရှင်များက တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုRigid Centralization ကို တည်ဆောက်ခြင်း ကြောင့်ဖြစ်သည်။ ယင်းကို တုန့် ပြန်ရန် တော်လှန်ရေးအင်အားစုများကလည်းအပြိုင်အားဖြင့် အလားတူ တင်းကြပ်သော ဗဟိုချုပ်ကိုင်မှု ကို တည်ဆောက်ရန်မသင့်ပါ။

သို့ ရာတွင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု OptimumCentralization ကိုမူ ရှာဖွေရန် လိုပါမည်။ တဖွဲ့ ချင်းစီ၏ အကျိုးစီးပွားကို အဓိကထားကာဘေးတိုက် ဆက်ဆန်ရေးကိုသာ တည်ဆောက်သွားမည်ဆိုလျှင် အင်အားစုများသည် ပြန့် ကျဲနေမည် ဖြစ်သဖြင့်မည်သည့် အခါ တွင်မျှ စုစည်းနိုင်မည် မဟုတ်၊ အားကောင်းသော တပ်ပေါင်းစု ပေါ်ပေါက်နိုင်မည်မဟုတ်ပါ။ ကြည့်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ မှိုလိုပေါက်ပြီး တဖွဲ့ ခြင်း ထင်ရာလုပ်နေကြတာ၊ကျုပ်တို့ မြန်မာ့တပ်မတော်ကြီးရှိနေလို့ သာ ပြည်ထောင်စုကြီးတည်မြဲနေတာ ဟူ၍ အာဏာရ စစ်ခေါင်းဆောင်များကလက်ညှိုးထိုးပြီး နိုင်ငံရေးအမြတ်ထုတ်၊ ၄င်းတို့ အာဏာသက်ဆိုးရှည်အောင်လုပ်နေသည်ကို
အားပေးသည့် သဘောသာရောက်သွားနိုင်ကြောင်း စဉ်းစားသင့်ပါသည်။


ထို့ အပြင်ကေအင်ယူ သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုတကယ်တန်း လိုလားသည် မှန် ပါလျှင် ယခုမျက်မှောက်မှာကထဲကပင်သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှုOptimum Centralization အား လက်တွေ့  ရှာဖွေကျင့်သုံးရန် လိုပါမည်။ တူတာတွဲလုပ် မတူတွဲခွဲလုပ်သည့်မူမှာ ကွန်ဖက်ဒရေးရှင်း Confederation ကိုသာ ဦးတည်ပါသည်။ မည်သည့်အခါတွင်မျှ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ပါ။ အမေရိကန် ပြည်ထောင်စု တည် ဆောက်ခဲ့သည့် သာဓက ကို လေ့လာနိုင်ပါသည်။၁၃ ပြည်နယ် ရှိခဲ့သည့်အနက် ပြည်နယ်တခုချင်းစီ၏ အကျိုးစီးပွား ကိုသာ အဓိကထားကာ ဘေးတိုက်ဆက်ဆန်ရေးကိုသာတည်ဆောက်ခဲ့သည့်ကွန်ဖက်ဒရေးရှင်းစနစ်မအောင်မြင်ခဲ့ပါ။ သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှုကို ရှာဖွေပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်အောင် မြင်ခဲ့သည်ကို သင်္ခန်းစာ ယူနိုင်ပါသည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
စက်တင်္ဘာလ (၃) ရက် ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။