Thursday, September 4, 2014

မူတူးအုပ်တို့ KNUကိုရောင်းတုပ် တော့မည်။

UNFC တပ်ပေါင်းစုမှ ထွက်ဖို့ ကြိုးပမ်းတဲ့ KNU ဥက္ကဌ မူတူးတို့ အုပ်ဟာ ကရင့်တော်လှန်ရေးရဲ့ တန်ဖိုးကို အရေးမထားတော့ဘဲ စစ်အာဏာရှင် ကြံ့ဖွတ် အစိုးရပေးသမျှဈေးနဲ့ ရောင်းတော့မည်မှာ ပိုမို သိသာ ပေါ်လွင် လာခဲ့တယ်။ ဒီလိုဖြစ်လာမည်ကို ကြိုတင် မှန်းဆထားကြပြီးဖြစ်ပေမည့် ရန်သူကို ဘယ်လိုဘယ်ပုံနဲ့ ထင်ထင် ရှားရှား အကျိုးပြုမလဲ ဆိုတာကိုသိလိုလို့သာ လူတွေက စောင့်ကြည့် နေခဲ့ကြတာပါ။

တကယ်တော့ ရန်သူနဲ့ အပေးအယူ လုပ်တဲ့ အတွေးအခေါ်က ဗိုလ်ချုပ်မြနဲ့ ဗိုလ်ခင်ညွန့် တွေ့ပြီး Gentlemen agreement လုပ်ကတည်းက စခဲ့တဲ့ ရောဂါပါ။ အဲဒီတုန်းက ဗိုလ်ချုပ်မြရဲ့ သြဇာအရှိန်ကြောင့် မပြော မဆိုဝံ့ကြပေမဲ့ မကျေနပ်တဲ့ အမြင်တွေ ရှိခဲ့ပါတယ်။ အရင့်အရင်က သမိုင်းတွေကို ညွှန်းရရင်တော့ အလှမ်းဝေး နေခဲ့ပါပြီ။

နယ်စပ်ဘက်က တိုင်းရင်းသား အင်အားစု တော်လှန်ရေးအဖွဲ့တွေဟာ နယ်မြေနဲ့ လူမျိုးရေးကို အခြေခံထားတဲ့ အဖွဲ့တွေများပါတယ်။ တနိုင်ငံလုံးခြုံတဲ့ နိုင်ငံရေး အမြင်အပေါ် မလေးနက်ကြပါ။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ဖွဲ့ထားတဲ့ UNFC ဟာ ၆၀ ခုနှစ်နှောင်းပိုင်းက ဖွဲ့ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေသာပါတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ( NDF) နဲ့ အတူတူလိုဘဲ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ NDF က ရန်သူနဲ့ စေ့စပ်ထားတဲ့ အဖွဲ့မရှိခဲ့ဘဲ UNFC မှာတော့ ရန်သူနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေများ နေတယ်။ ဒါက NDF ထက်နိမ့်ကျတဲ့ အချက်ဖြစ်တယ်။

NDF က ၈၈ လူထုအုံကြွမှု နောက်ပိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေပါ ပေါင်းထည့်ပြီး တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ နိုင်ငံရေး အမျှော်အမြင် ရှိရှိနဲ့   မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်(DAB)ကို ဖွဲ့ခဲ့ကြ တယ်။ နိုင်ငံရေးအရ တပြည်လုံး အတိုင်းအတာအဆင့်ကို တက်ခဲ့တယ်။နိုင်ငံရေး အဆင့်မြင့်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နယ်မြေလောက်အတွက် ကွက်ကွက်လေး ကြည့်ပြီးလုပ်ခဲ့ကြလို့ DAB မဟာမိတ်အဖွဲ့က ယိမ်းယိုင်ခဲ့ ရတယ်။  ခု UNFC က NDF အဆင့်ထက်နိမ့် တဲ့အပြင် ရန်သူနဲလည်း လုံးထွေးနေတဲ့ အဖွဲ့ဝင် တွေကြောင့် တော်လှန်ရေးလုပ် ငန်းထက် ရန်သူက ကစားတာခံနေရပြီး ဖြိုခွဲတာကို ခံနေရတော့ တယ်။ မူတူး အုပ်ဟာ နောက်ဆုံးပေါ် ဥပမာ ပါဘဲ။

 DAB အဖွဲ့အားကောင်းစဉ်တုန်းက ဒုဥက္ကဌ တာဝန်ယူထားတဲ့  ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)ရဲ့ ဥက္ကဌ ဘရန်ဆိုင်းက “ ရန်သူက တို့ကို နိုင်အောင်မတိုက်နိုင်၊ ငါတို့ကလည်း ရန်သူကိုနိုင်အောင် မတိုက်နိုင်” ဆိုတဲ့ အမြင်နဲ့ ၁၉၉၄ မှာ ရန်သူနဲ့ စေ့စပ်ရေး လုပ်ခဲ့တယ်။ တခြားအဖွဲ့တွေလည်း သူနည်းနှင်နှင် လုပ်ခဲ့ကြတယ်။ စေ့စပ်ရေး လုပ်ပြီးနောက် KIO အဖွဲ့ ဘယ်လို အင်အားချိနဲ့ ခဲ့ရတယ် ဆိုတာကို နောက်ကြောင်း ပြန် ကြည့်ရင် မြင်သာပါတယ်။

ပြဿနာတွေရဲ့ အဓိကက ရန်သူအပေါ်သဘောထား ပြတ်သားမှု မရှိသည့်အပြင်၊ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ နိုင်ငံရေးအမြင် ချို့ငဲ့ကြလို့ပါ။ ကိုယ်ဒေသ ကိုယ့်လူမျိုးလောက်သာ စဉ်းစားပြီး တခြားလူမျိုးတွေ အတွက် မစဉ်းစားတတ်ကြဘူး။ ဒါကြောင့်ဘဲ နယ်မြေနဲ့ လူမျိုးရေး ပြဿနာဟာ အမြဲတမ်း ထိပ်တန်း ရောက် ရောက် လာတယ်။ “ဦးသူစားစတမ်း လည်သူရိတ်စတမ်း” ဖြစ်နေတယ်။နိုင်ငံရေးမရှိတော့ ငွေကြေးနဲ့ စစ်တပ်အင် အားပေါ် မူတည်ပြီး အမြဲစဉ်းစားတယ်။ ဦးစားပေးကြတယ်။နိုင်ငံရေး၊ တော်လှန်ရေးဆိုတာ စကား ပြောပွဲများမှာ သုံး တဲ့ စကားလုံးမျှ သာဖြစ်နေတယ်။     

အခုတော့ အဖွဲ့အစည်း ခေါင်းဆောင် များဟာ သူတို့ရဲ့ လူမျိုးရေး အမြင်ကျဉ်းဝါဒ၊ အချောင် သမားဝါဒ၊ တကိုယ် ကောင်းဝါဒတွေကို စေ့စပ်ရေး၊ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး ဆိုတဲ့ စကားလုံးတွေနဲ့ ဖုံးကွယ်ထားပြီး လူထုနဲ့ မိမိ ကိုယ်ကိုပါ လှည့်စားနေကြတယ်။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆိုတာတွေ စစ်အာဏာရှင်တွေ ရှိနေသ၍ မဖြစ်နိုင်ကြောင်း လူထုက သိနေပြီးသား၊ ဒီလောက်ဖိနှိပ်မှုတွေ၊ ကလိန်ကကျစ်ကျတာတွေ၊ လှည့်စားမှုတွေများ နေတဲ့ အချိန်မှာ ဦးနှောက်ပုံမှန် ရှိသူတဦးဟာ ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်စရာ မရှိပါဘူး။

လူထုတွေ အလူးအလဲ ဒုက္ခရောက်နေချိန်မှာ လူထုအတွက် တင်ပြတဲ့ ဆွေးနွေးတဲ့ အ ကြောင်း တခါမှ မတွေ့ရ ဘူး။ ပြည်သူတွေအတွက် တချက်လှည့်မကြည့်နိုင်ဘဲ ရန်သူလုပ် ပေး တဲ့ အစည်းအ ဝေးတွေနဲ့ ကိုယ့်ကိုယ် ကိုအ လုပ်ရှုပ်နေကြတယ်။ ဒီတော့ကိုယ်ကျိုးရှာတာ၊ ဖေါက်ပြန် တာဟာ တော်လှန်ရေး အမြင်၊ တနိုင်ငံလုံး အမြင် ချို့ယွင်းတဲ့ တပ်ပေါင်းစုမှာ ဖြစ်နေတာက ဆန်းတဲ့ အရာ တော့မ ဟုတ်ဘူး။ တော်လှန်ရေး အမြင် အ ကြောင်း မဆွေးနွေးဘဲ ဖေါက်ပြန်တာကို ဘဲ ပြောနေလို့ လည်းမပြီး လို့ပါ။

အင်အားစုတွေ စုစည်းတာကို အထူးသဖြင့် စစ်အာဏာဆန့်ကျင်ရေး အင်အားစုတွေစုစည်းတာကိုတော့ မဖြစ်မနေ အာ ပေးရပါလိမ့်မယ်။စစ်အာဏာကို တစုံတရာဆန့်ကျင်နေတဲ့ UNFC လိုအစုအဖွဲ့ကိုလည်း အားပေးရမှာဘဲ။ဒီလိုအင်အာဒစုတွေကို ဖြိုခွဲတာ၊ ပြိုကွဲစေတဲ့ အတွေးအခေါ်၊ ခြေလှမ်းတွေကအစ ဆန့်ကျင် ရမှာပါ။ UNFC ဟာ စစ်အာဏာရှင်ကို လက်တွေ့ထိခိုက်အောင် မတိုက်နိုင်ပေမဲ့ ဒီနေ့ ကြံ့ဖွတ်စစ်အာဏာရှင် တွေရဲ့ ကောက်ကျစ် ယုတ်မာတာတွေကို အတိုင်းအတာတခုအထိ လူထုသိအောင် ရည်ရွယ်ချက်ရှိရှိ မ ထုတ်ပြပေမဲ့ လူထုကမြင် သာနေ ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲ ခေါ်သံကမပါခဲ့ပါ။ အခုတော့ မူတူး အုပ်ကြောင့်  UNFC ရဲ့ စုဖွဲ့မှုကို ထိခိုက် မလိုလိုဖြစ်လာခဲ့တော့တယ်။

ဒီနေ့ ရန်သူရဲ့ စေ့စပ်ရေး အပြော့ဆွဲ ထိုးစစ်အောက်မှာ နှစ်ခြမ်းမကွဲတဲ့ အဖွဲ့ရယ်လို့ ရှားရှားပါးပါးရှိခဲ ပါတယ်။ အခုလည်း ကြာရှည်အက်ကြောင်းပေါ်နေခဲ့တဲ့ ကေအင်န်ယူဟာ ကွဲသွားပါပြီ။  လုပ်ရမည့် အလုပ်က စစ် အာဏာရှင်ကို ဆန့်ကျင်မည့်၊ ပြည်သူ့ဘက်က ရပ်မည့်၊ တော်လှန်မည့်ဘက် ကိုသာ အားပေးယုံသာရှိပါ တယ်။ နိုင်ငံရေးတော်လှန်ရေးမှာ ပယောဂဖက် ရောထွေးနေသမျှ ဘယ်မှ ရောက်စရာအကြောင်းမရှိ။ ပြတ်သားမှသာ ရှင်းလင်းတဲ့ အောင်မြင်မှုကို ရနိုင်ပါတယ်။

ကရင်လူထုရဲ့ ရိုးသားမှု၊ အစွဲအလမ်းကြီးမှု တွေကို အမြတ်ထုတ်မခံရရေး အတွက် တိုးတက်တဲ့ကရင် ပညာ တတ်တွေ၊ စစ်အာဏာရှင်စံနစ်အပေါ် ရှုမြင်သုံးသပ်နိုင်သူတွေက ထိန်းကျောင်လမ်းပြပြီး တော်လှန်ရေးလမ်း ကြောင်းပေါ်မှာ ကေအင်န်ယူ ရှိနေရေးအတွက်  ရန်သူအားပေး  တဲ့၊ ဖေါက်ပြန်တဲ့ မူတူးအုပ် ကို ဆန့်ကျင်ကြ ရ မှာဘဲ။

ရန်သူစစ်အာဏာရှင်တွေက ယခင်က ကျည်ဆံနဲ့ ပစ်သလို အခုတော့ကျည်ဆံနဲ့ ပစ်တဲ့ အပြင် ငွေနဲ့ ပေါက်နေတာသာဖြစ်တယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာတွေကကရင်အပါအ၀င်ပြည်သူ လူထု လက်ထဲမှာ တစိုး တစိမှ မရှိတာ သိနေကြပြီးသားပါ။ ငွေနဲ့ ပေါက်တဲ့ စစ်ပွဲမှာ ပိုက်ဆံလုပ်စက် မရှိတဲ့ ကိုယ်က တော် လှန်ရေးအမြင်၊ နိုင်ငံ ရေးအမြင် ၊ တိုက်ပွဲဝင်စိတ်ဓါတ်တို့ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ မရှိတဲ့လူတွေကိုတော့ ရန်သူက အပြော့နှိုက်မှာပါဘဲ။ တော်လှန်ရေးတွေ၊ တော်လှန်ရေးတပ်ပေါင်းစုတွေက ဖိနှိပ်မှုတွေ ရှိနေသ၍ မတရားမှုတွေ ရှိနေသ၍  ဖေါက်ပြန်သူတွေကိုတိုက်ခိုက်ဖယ်ရှားရင်း ဆက်လက်ရှင်သန် ကြီးထွား သွားမှာဘဲ။

မူတူးအုပ်ကို ဖယ်ရှားပြစ်။
ကရင့်တော်လှန်ရေးကို စောင့်ရှောက်ကြ။
တော်လှန်ရေးမုချ အောင်ရမည်။
 
ဦးအေးဆောင်
စက်တင်ဘာ ၃၊ ၂၀၁၄။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။