Tuesday, September 30, 2014

မူးယစ်ဆေးဝါးပတ်သက်သူများ ကြီးလေးသည့်ပစ်ဒဏ်ပေးမည်ဟု SSPP/SSA ထုတ်ပြန်ကြေငြာ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပေါများပြီး တမျိုးသားလုံး၏ ရန်သူဖြစ်လာသောကြောင့် လူထုတောင်းဆိုချက်အရ SSPP/SSA မှ အထူးစီမံချက်ဖြင့် တိုက်ဖျက်သွားမည်ဖြစ်ပြီး ပတ်သက်ဆက် နွယ်သူများအား ကြီးလေးသည့်ပစ်ဒဏ်ပေးသွားမည်ဟု ပြောသည်။


မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ ကျေးသီးမြို့နယ် အတွင်းနေ ဒေသခံ များ တောင်းဆိုချက်ကြောင့် မူးယစ်ဆေးဝါးများ၊ ပတ်သက်ဆက်နွယ်သူများအား ထိရောက်စွာ အရေး ယူမည်ဆိုသည့်အကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က စက်တင်ဘာ ၂၅ ရက် ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။
“ဘိန်းစိုက်နေတာက တောင်ပေါ် နဲ့ ကျေးလက်တွေပေါ့။ ဒါပေမယ့် ဓါတုပစ္စည်းနဲ့လုပ်တဲ့ မူးယစ်ဆေး ဝါး တွေကတော့ တောရောမြို့ပါ ပျံ့နှံ့နေပြီ။ မူးယစ်ဆေးစွဲမိရင် ကျည်တစ်ထောင့် ခန္ဓာကိုယ်ထဲဝင်သွား သလိုပါဘဲ။ မူးယစ်ဆေးဟာ တမျိုးသားလုံးရဲ့ အန္တရာယ်ဖြစ်လာနေပြီ။ ဒါကြောင့် ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှဘဲ ဖြစ်တော့မယ်” - ဟု SSPP/SSA ဗဟိုကော်မတီဝင် အရာရှိတဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများအား တပ်ဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း ဖြင့် လည်းကောင်း၊ လူထုနှင့်တိုက်ရိုက်ဆက်သွယ်ဟောပြောပညာပေးခြင်းဖြင့်လည်းကောင်း စတင် လုပ်ဆောင်သွားမည်ဟုဆိုသည်။ ထိုသို့ ပညာပေးပြီးနောက်ပိုင်း ကျူးလွန်သူများတွေ့ရှိပါက ထိရောက် စွာ ဖမ်းဆီးပစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။