Monday, September 29, 2014

နှစ်ဖက်ထိတွေ့မှု ပြသနာ များအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် DKBA စစ်ဦးချုပ် သဘောထားရှိ

(ရွှေဟင်္သာသတင်းဌာန)



ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် အစိုးရ တပ်များ အကြား ဖြစ်ပွား နေသည့် လက်နက်ကိုင် ပဋိပက္ခ ဆက်လက် မကြီးထွားရေး ညှိနှိုင်း ဆောင်ရွက် ကြရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်မှ သဘောထား ရှိကြောင်း DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

“စစ်ဦးစီးချုပ် သဘောထား ကတော့ တတ်နိုင် သလောက် ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်း စေချင်တဲ့ သဘောထား ရှိတယ်၊ လက်ရှိ မှာတော့ အပြေ လည်လုံး ဖြစ်အောင်တို့ ကျနော်တို့ ညှိနှိုင်း ထားပါတယ် ခင်ဗျ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့က နိုင်ဟံသာနဲ့ ဝန်ကြီး ဦးအောင်မင်း၊ ကျနော်တို့ ဆီက ဗိုလ်မှူးလုံလုံနဲ့ တို့နဲ့ တပ်မတော် ခေါင်းဆောင်တွေ ဝိုင်းဝန်း ညှိနှိုင်း ပေးဖို့လည်း အကူအညီ တောင်းထား ပါတယ်” ဟု ဗိုလ်ကြီး စိုးမြင့် ပြောသည်။


စက်တင်ဘာ ၂၆ ရက်နေ့မှ စ၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် DKBA တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ အကြား လက်နက်ကိုင် ထိတွေ့မှု စတင် ဖြစ်ပွားခဲ့ရာမှစ စက်တင်ဘာ ၂၇ တွင် မြဝတီ မြို့၌ လည်းကောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျိုက်မရော မြို့နယ် တွင်းရှိ ရွှေဝါချောင်း အရပ် ငါးပြေမ ရွာအနီး၌ သုံးရက် ဆက်တိုက် လက်နက်ကိုင် ထိတွေ့မှု ဆက်လက် ဖြစ်ပေါ် ခဲ့သည်။

ထိုသို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ချုပ်ငြိမ်း စေရန်နှင့် နှစ်ဖက် အကြား နားလည်မှု ရှိစေရန် အတွက် ယမာန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့၌ DKBA ဘက်မှ ဗိုလ်ချုပ် ကျော်သက် ဦးဆောင်သည့် အဖွဲ့နှင့် စကခ (၁၂) စကခ မှူးတို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ဆက်လက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း ဗိုလ်ကြီး စောစိုးမြင့်နှင့် ကရင် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော် တို့က ပြောသည်။

ဗိုလ်ကြီး စောစိုးမြင့်က “မနေ့က ဗိုလ်ကျော်သက်နဲ့ စကခ ၁၂ မှူးနဲ့ တွေ့ကြပြီး တိုက်ပွဲတွေ ထပ်မံ မဖြစ်ပွားဖို့ ညှိနှိုင်း ခဲ့ကြတယ်၊ ကျနော်တို့က ကျနော်တို့ ကျိုက်မရော ဂွင်မှာ ပိတ်မိနေတဲ့ တပ်တွေ ဆုတ်နိုင်အောင် ထွက်ပေါက် ဖွင့်ပေးဖို့ တောင်းဆို ထားတယ်၊ အဲလို ထွက်ပေါက် ရရင် ကျနော်တို့ ဘက်ကလည်း သူတို့ဆီက သိမ်းထားတဲ့ လက်နက်တွေ ပြန်ပေးဖို့ ကနဦး ညှိနှိုင်း ထားတယ်” ဟု ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

ဗိုလ်မှူး နိုင်မောင်ဇော် ကလည်း “ ဗိုလ်ချုပ် ကျော်သက်နဲ့ တပ်မတော် အရာရှိတွေ မနေ့က တွေ့ကြ တာတော့ ကျနော်တို့ သိတယ်၊ အသေးစိတ် ကိုတော့ ကျနော် ထုတ်ပြောလို့ မဖြစ်နိုင်ပါဘူး” ဟု ကရင် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်မောင်ဇော်က ပြောသည်။

နှစ်ဖက် တပ်များ ထပ်မံ၌ လက်နက်ကိုင် ပဋိပက္ခ ဆက်လက် မဖြစ်ပွားရေး အတွက် DKBA ဘက်မှ မိမိတပ်ကို မိမိ ထိန်းချုပ် စေလိုကြောင်းလည်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ဆင်ရေး အထူးအဖွဲ့ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက သတိပေးစာ ပို့ထားပြီး ဖြစ်သည်။

စက်တင်ဘာ၂၆ ရက်နေ့၌ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ အစိုးရတပ် ခလရ ၂၀၈ တပ်ရင်းပိုင် ကားအား DKBA မှ စတင် ပစ်ခတ်ရာမှ တပ်မတော်နှင့် အစိုးရ တပ်တို့ အကြား နှစ်ဖက် တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ရပြီး ထိုရက်၌ အစိုးရ အာဏာပိုင်၊ ရဲ၊ SB (၈) ဦးခန့် တို့အား DKBA မှ ခေတ္တ ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး ညနေ (၄) နာရီတွင် ပြန်လွှတ် ပေးခဲ့သည်။

ထိုစက်တင်ဘာ ၂၆ ရက်နေ့ ကျိုက်မရော ပစ်ခတ် မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈မှ ဗိုလ်မှူး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်၍ လည်းကောင်း၊ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက်ငယ် ထိမှန်ခဲ့ကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦးမှာ ညာဘက် လက်မောင်း၌ လက်နက်ငယ် ဒဏ်ရာ အသီးသီး ထိမှန် ခဲ့ရသည်။

ထို၂၆ ရက်နေ့ တိုက်ပွဲ ဖြစ်ရာမှ တပ်မတော်၏ ခလရ ၂၀၈ တပ်မှ လက်နက် (၇) လက်ခန့် တို့အား DKBA အဖွဲ့မှ လက်ရှိ အထိ သိမ်းယူ ထားဆဲ ဖြစ်ကာ ထို DKBA မှ သိမ်းဆည်း သွားသည့် တပ်မတော် လက်နက်များ ပြန်လည် ရရှိရေး အတွက် အစိုးရ ဘက်မှ ညှိနှိုင်း တောင်းဆို နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင်း ၌လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အထွေထွေ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် အနေနှင့် DKBA တပ်နှင့် အစိုးရ တပ်များ အကြား ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့များ တို့တွင် တစ်လခန့် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြသည်။

ထို ၂၀၁၀ တိုက်ပွဲ ၌လည်း မြဝတီနှင့် ဘုရားသုံးဆူ မြို့တို့မှ ဒေသခံများ သောင်းဂဏန်းခန့် နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ထဲသို့ စစ်ပြေး ဒုက္ခသည် များအဖြစ် ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။