Saturday, August 17, 2013

နှစ်ဖက် သတ်မှတ်နယ်မြေ မသိ၍ နယ်ကျွှံဝင်မိဟု အစိုးရတပ် အကြောင်းပြ

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ တပ်ဖွဲ့မှ မွန်ပြည်သစ် တီ၏ တပ်တည် နယ်မြေသို့ နယ်ကျွံပြီး ဝင်ရောက် မိသည်မှာ သက်ဆိုင်ရာ နယ်မြေခံ တပ်ဖွဲ့ တို့ကနှစ်ဖက် သတ်မှတ် နယ်မြေများ မသိရှိ သောကြောင့် ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအား သွားရောက် တင်ပြခဲ့သည့် မွန်ပြည်သစ်ပါတီ ဖွံဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်း က ပြောသည်။

ရေးချောင်းဖျား ဒေသကို အစိုးရ တပ်ဖွဲ့တွေ နယ်ကျွံ ဝင်လာတဲ့ အကြောင်းကို ကျနော်တို့ ခရိုင်မှူး တွေက သြဂုတ် ၁၂ရက်နေ့ ကတည်းက စကခ - ၁၉ ထံ ကန့်ကွက်စာ ပေးပို့ ထားတဲ့ ကိစ္စကို ဒီနေ့ မွန်ပြည်နယ် အစိုးရထံကျနော် သွားရောက် မေးမြန်း ခဲ့တယ်။အကြောင်း ပြန်ကြား ချက်တွေရရှိ ခဲ့ပြီး ဖြစ်တယ်ဟု ဆိုသည်။


မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်နှင့် ယနေ့တွင် မွန်ပြည်သစ် ကိုယ်စားလှယ်အဖြစ် နိုင်အမ်စိုက်ချမ်းက သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုမွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင်သို့ ကျွှံဝင် သွားသော တပ်များသည် တပ်လေ့ကျင့်ရေး အတွက် နယ်လှည့် လှုပ်ရှား စေသည့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်၏ စစ်ရေး အစီစဉ်များ မဟုတ်ကြောင်း တိုင်းမှ အကြောင်းကြား ခဲ့သည်ဟု ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြန်လည် ပြောဆို ခဲ့သည်။

ယင်းတပ် များ၏ လှုပ်ရှားမှုသည် ရေးမြို့နယ်ကျောင်းရွာ အခြေစိုက် ခမရ ၅၈၃ တပ်ဖွဲ့များ၏ စစ်ရေး အစီစဉ်သာ ဖြစ်ကြောင်း ဗိုလ်မှူးကြီးက ဆိုသည်။ နှစ်ဖက် အပစ်ရပ် စဉ်ကရရှိ ထားသည့် သတ်မှတ်နယ် သဘော တူညီချက် များကို နယ်မြေခံ တပ်ဖွဲ့များက မသိရှိ သောကြောင့်ယင်းကဲ့သို့ ဖြစ်ပွား ခဲ့ရသည်။

ထိုကြောင့် မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ် တို့၏ ရရှိထားသည့် သတ်မှတ်နယ် ၂၃ နေရာကို ပေးပို့ပါရန် သက်ဆိုင်ရာနယ်မြေခံ အစိုးရ တပ်ဖွဲ့ တို့က တောင်းခံ လာခဲ့သည်။ ယင်းသို့ကြောင့် မွန်ပြည်သစ် ပါတီမှသတ်မှတ် နယ်မြေများ စာရင်းကို ပြန်ပေးပို့ ခဲ့ရသည်ဟု နိုင်အမ်းစိုက်ချမ်းက ဆိုသည်။

နှစ်ဖက် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ်က သဘောတူညီ ချက်များ ရရှိ ထားသည့် မွန်ပြည်သစ်ပါတီ သတ်မှတ်နယ် ဖြစ်သော ရေးမြို့နယ် ရေးချောင်းဖျား ဒေသ အတွင်းသို့ သြဂုတ်လ အတွင်း၌ အစိုးရ တပ်ဖွဲ့ တို့က (၄) ကြိမ်ခန့် နယ်ကျွံ ဝင်ရောက် ခဲ့သည်။

မွန်ပြည်သစ် ပါတီ (NMSP) သည်၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ၂၅ရ က်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုး ခဲ့သည်။ ဤအချိန်မှ စပြီး ယခု လှုပ်ရှား မှုသည် အစိုးရ တပ်ဖွဲ့တို့၏ ပထမအကြိမ် နယ်ကျွှံ ဝင်ရောက်လာသော လှုပ်ရှားမှု ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။