Friday, August 16, 2013

RCSS/SSA နှင့် MPC လုပ်ငန်း အထောက်အကူပြု အဖွဲ့ အလွတ်သဘောတွေ့

(ရွှေဟင်္သာသတင်းဌာန)



ယနေ့ နံနက် ၁၁နာရီတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန MPC ၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ နည်းပညာ အထောက် အကူပြုအဖွဲ့ တို့၏  အလွတ်သဘော တွေ့ဆုံ ပွဲကို ကျင်းပ ခဲ့ကြောင်း MPC မှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

မနေ့က နိုင်ငံတော် သမ္မတ လမ်းညွှန် ပြောကြားချက် အထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက် တာတွေ ပါတယ်လေ။ အဲဒါ နဲ့ဘဲ သူတို့နဲ့ ပြန်ညှိနှိုင်း မှုတွေ ဖြစ်လာ ခဲ့တာပါဟု ဆိုပါသည်။


အဆိုပါ အလွတ်သဘော တွေ့ဆုံ ပွဲသို့ RCSS မှ ဗိုလ်မှူးကြီး စိုင်းလနှင့် ဗိုလ်မှူး စိုင်းလောဝ်ဆိုင် ၂ ဦး တက်ရောက် ခဲ့ကြပြီး MPC မှ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာ မင်းဇော်ဦး တို့က လက်ခံ တွေ့ဆုံ ခဲ့သည်။

ပြည်လုံးကျွှတ် အပစ်အခတ် ရပ်စဲရေးကို လက်ခံ နိုင်မှ သာလျှင် အပစ်အခတ် ရပ်စဲရေးကို အာမခံ ပေးနိုင်မည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ် များက ၄င်းတွေ့ဆုံပွဲ၌ ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေးကို လက်ခံ နိုင်မှ သာလျှင် ကျနော်တို့ အပစ်အခတ် ရပ်စဲရေးကို အာမခံ ပေးနိုင်မယ်။ နောက်ပြီး ကျနော်တို့ သွားနေတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို နောက်ပြန် မဆုတ် နိုင်တော့ဘဲ ချီတက်နိုင်မယ် ဆိုတဲ့ အကြောင်း ဦးလှမောင်ရွှေက ပြောတယ်ဟု ၄င်းမှ ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲ အတွင်း၌ RCSS အဖွဲ့ အနေဖြင့် မည်ကဲ့သို့ပါဝင် သွားရ မည်ကိုလည်း RCSS ဘက်မှ တင်ပြ ဆွေးနွေးခဲ့ကာ ၄င်းအချက်ကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ မှတ်တမ်းတင် ထားခဲ့ကြောင်း ဆိုပါသည်။

ယခု ကဲ့သို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခြင်းသည် MPC ၏ ပုံမှန် လုပ်ဆောင်နေသည့် အလုပ် တစ်ခုလည်း ဖြစ်ကာ အနာဂတ်ကို ရှေ့ဆက်သွား ရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း ဦးလှမောင်ရွှေ က ဆိုသည်။

ယခု အကြိမ် အလွတ် သဘော တွေ့ဆုံပွဲ၌ RCSS ဘက်မှ တပ်ဆုတ်ပေးရေး ကိစ္စ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ များကို တင်ပြ ခဲ့ကြောင်းလည်း ဦးလှမောင်ရွှေ က ဆက်ပြောသည်။

RCSS အဖွဲ့ အနေဖြင့် နိုင်ငံတကာ အသိသက်သေ၊ UN ၊ အစိုးရ ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ ပါဝင်ခွင့် ရှိပြီး အာမခံချက် ရှိသော ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကို ဖြစ်မြောက်ရန် လိုသည်ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင် က ဆိုသည်။

RCSS အဖွဲ့သည် ၂၀၁၁ခုနှစ်က အစိုးရမှ ဖော်ဆောင် ခဲ့သော တစ်ဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေးကို ပထမဆုံး လက်မှတ်ရေးထိုး ခဲ့သော အဖွဲ့ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။