Friday, August 16, 2013

ကရင်ရေဘေး ဒုက္ခသည် များကို ရွေ့လျား ကျန်းမာရေး အဖွဲ့ဖြင့် လိုက်လံ ကုသ ပေးဖို့ စီစဉ်နေ

(ရွှေဟင်္သာသတင်းဌာန)



ကရင် ပြည်နယ် ရေဘေး ဒုက္ခသည်များ အရေးပေါ် လိုအပ်လျက် ရှိသည့် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက် များကို ရွှေ့လျား ကျန်မာရေး အဖွဲ့ ဖွဲ့စည်း သွားပြီး ရေဘေးသင့် ဒေသ များသို့ သွားရောက် ကုသ ပေးရန် စီစဉ် နေကြောင်း Emergency Assistant and Relief Team (EART) အဖွဲ့မှ ဆရာနေထူး က ပြောသည်။
ကျနော်တို့ အစီအစဉ် ဆွဲထား တာက ကျန်းမာရေး ကိစ္စတွေကို ကူညီရင်းနဲ့ ရွှေပြောင်း ကျန်းမာရေး အဖွဲ့ Mobile Medical Team အသင်း ဖွဲ့ပြီးတော့ ဒေသ တွေကို ကျနော်တို့ ဆင်းမယ်။ ဆင်းပြီးတော့ ကုသ မှုတွေ လုပ်မယ်။ ကုသမှုတွေ လုပ်ရင်းနဲ့ တစ်ခြား လိုအပ်သော အချက် အလက်တွေကို စုဆောင်းပြီးတော့ နောက်တစ်လမ်း လုပ်ဆောင်ရမယ်ဟု ဆရာ နေထူးက ဆက်ပြောသည်။

ယခုနှစ် အတွင်း ရေကြီးမှုဒဏ် အကြီးအကျယ် ခံခဲ့ ရပြီးနောက် ခန့်မှန်း ရေဘေး ဒုက္ခသည် တစ်သောင်းခန့် အရေးပေါ် အစား အသောက်နှင့် ဆေးဝါး အကူအညီများ လိုအပ် နေကြောင်း နယ်စပ် အခြေစိုက် ကရင်အဖွဲ့ (၆) ဖွဲ့ဖြင့် စုဖွဲ့ ထားသည့် Emergency Assistant and Relief Team (EART) အဖွဲ့မှ ပြောသည်။
ထိုအချက်အလက် များအား ပြီးခဲ့သည့် အပတ်၌ မိမိတို့ အဖွဲ့မှ ဒေသ (၃) ခုသို့ အချက်အလက် ကောက်ယူရေး အဖွဲ့စေလွှတ် ခဲ့ပြီး ကောက်ယူခဲ့သည့် အချက်အလက်များအရ သိရှိ ရခြင်း ဖြစ်ကြောင်း ဆရာ နေထူးက ဆက်ပြောသည်။
ထိုဒေသမှ ရေဘေး ဒုက္ခသည် များက အကူအညီ တောင်းလာ၍ အချက်အလက် ကောက်ယူ နိုင်ရန် အတွက် ကြာအင်း ဆိပ်ကြီး မြို့နယ် တွင်းရှိ ကျိုက်ဒုံ ဒေသနှင့် မြဝတီ ခရိုင် တွင်းရှိ ဒေသ နှစ်ခုအား စေလွှတ် ခဲ့ခြင်း ဖြစ်သည်။
ရေကြီး ပြီးနောက် ဝမ်းပျက်ဝမ်းလျော ရောဂါ အန္တရာယ်အား စိုးရိမ် နေရပြီး ဆိုးရွားသည့် အခြေအနေ ကပ်ရောဂါ အဖြစ် မရောက်ခင် ကာကွယ် ကုသမှု ပြုလုပ် သွားရန် လိုအပ်ကြောင်း ဆိုပါသည်။ ထို့ပြင် မိုးတွင်း ကာလ ဖြစ်၍ ငှက်ဖျား ရောဂါလည်း စိုးရိမ်စရာ ရှိကြောင်း ဆိုပါသည်။ အဓိက အားဖြင့် သန့်ရှင်းသည့် သောက်သုံးရေး ရရှိရန်နှင့် ဆန်ရိက္ခာ အကူအညီ အရေးတကြီး လိုအပ်နေသည်ဟု ဆိုပါသည်။
အကူအညီ များအနေဖြင့် လက်ရှိ၌ ဂျပန်အဖွဲ့ တစ်ခုမှ ထိုင်းဘတ်ငွေ ခြောက်သောင်း ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ကာ၊ သြစတေးလျ အဖွဲ့ တစ်ဖွဲ့ မှလည်း အကူအညီ ပေးရန် ကမ်းလှမ်း ထားကြောင်း ဆိုပါသည်။
ခန့်မှန်းခြေ ကတော့ တစ်သောင်းလောက် ရှိတယ်ဗျ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ၊ နောက် သထုံခရိုင် ဘီးလင်းဘက် အထူး သဖြင့်ပေါ့၊ ကျနော်တို့ လက်လမ်း မှီတဲ့ ဒီ ၅ နေရာကို အရင် လုပ်ဆောင် နေပါတယ်ဟု EART အဖွဲ့၏ အဖွဲ့ဝင် အဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Burma Medical Association (BMA) အဖွဲ့ ဒါရိုက်တာ ဆရာ နေထူးမှ ပြောသည်။

ရေဘေး ဒုက္ခသည်များ အတွက် အရေးပေါ် လိုအပ်ချက် ရှိနေသည့် အရာများထဲမှ EART အဖွဲ့ အနေဖြင့် ၄င်းဖော်ပြပါ နေရာ များသို့ အရေးပေါ် ဆန် အကူအညီများ တစ်ကြိမ် သွားရောက် ပေးအပ် ခဲ့ပြီး ဖြစ်သည်။

အကယ်၍ ရေဘေး ဒုက္ခသည်များ အကူအညီ မရရှိ နိုင်ပါက ငတ်မွတ် ခေါင်းပါးမှုဒဏ် ခံစား ရမည်ကိုလည်း စိုးရိမ် စရာ ရှိနေကာ စပါး စိုက်ခင်း အမြောက်အများ ရေမြုပ်ခဲ့ခြင်းကြောင့် နောက်နှစ်အတွက် ရိက္ခာ ဖူလုံမှုအား ခြိမ်းခြောက် နေကြောင်း ဆရာ နေထူးမှ ဆိုပါသည်။

အကူအညီ မပေးနိုင်ဘူး ဆိုရင် နောက်ဆက်တွဲ ငတ်မွတ် ခေါင်းပါးတဲ့ ကိစ္စတွေ ကြုံတွေ့ ရနိုင်တယ် နောက် သောက်သုံးရေ မြစ်ချောင်း တစ်လျောက်မှာ ဖြစ်နေတဲ့ ရေကြီးမှု ဖြစ်နေတဲ့ ဒေသတွေမှာ စိုက်ထားတဲ့ စပါးတွေက တော်တော် များများ သုံးစားလို့ မရ တော့ဘူး။ စပါး ပျက်စီး သွားတယ် ဆိုတော့ နောက်နှစ် အတွက်က တကယ့် စိုးရိမ်စရာ အနေအထား ရှိပါတယ်ဟု EART အဖွဲ့မှ ဆရာ နေထူးမှ ဆက်ပြောသည်။

Emergency Assistant and Relief Team (EART) အား မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း၊ မယ်တော် ဆေးခန်း၊ ကရင့် ကျန်းမာရေး နှင့် ကယ်ဆယ်ရေး ဌာန၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့၊ ကရင် အမျိုးသမီး အစည်းအရုံး၊ ကရင်လူငယ် အစည်းအရုံး စသည့် အဖွဲ့များဖြင့် စုဖွဲ့ ထားခြင်း ဖြစ်သည်။

ယခုနှစ် ကရင် ပြည်နယ် ရေကြီးမှုကြောင့် ရေဘေး ဒုက္ခသည် လေးသောင်းခန့် ရှိခဲ့သည်ဟု အစိုးရ အဖွဲ့များ၏ သြဂုတ် လဆန်း၌ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။

အစိုးရ၏ ရေဘေး ဒုက္ခသည် များအား အကူအညီ ပေးနေသည့် အစီအစဉ် များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရ သက်ဆိုင်ရာ များသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ခြေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။