Tuesday, August 20, 2013

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ပလောင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ

(Mizzima)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသမှ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းအဖွဲ့အစည်း ကိုယ်စားလှယ်များ
ကပြောသည်။


မစ္စတာကင်တားနားသည် လားရှိုးမြို့ အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းများဖြစ်သည့် တအာင်းလူငယ်အဖွဲ့ချုပ်၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တအာင်းအမျိုးသမီးများအဖွဲ့တို့နှင့် Golden Hill ဟိုတယ်တွင် သြဂုတ် ၁၈ ရက်က တွေ့ဆုံ
ခဲ့ခြင်းဖြစ်သည်။

“တွေ့ဆုံပွဲမှာ ကင်တားနားနဲ့ သူ့လူ လေးငါးယောက်ရယ်၊ ကျွန်တော်တို့ဘက်က ခြောက်ယောက်၊ ခုနစ်ယောက်ရယ်၊ ဆယ်ယောက်ကျော်ကျော် တက်ရောက်တာပေါ့” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ တွဲဖက်အထွေထွေ
အတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။

ယခုကဲ့သို့တွေ့ဆုံရာတွင် လူထုအခြေပြုအဖွဲ့အစည်းများဘက်မှ အချက် ငါးချက်တင်ပြခဲ့ပြီး စစ်ပွဲအခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ တအာင်းဒေသအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အခြေအနေ၊ အကြီးစားစီမံကိန်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် လယ်ယာမြေသိမ်းဆည်းမှုအခြေအနေ၊ စစ်ပြေး
ဒုက္ခသည်အခြေအနေများဖြစ်သည်။

အလားတူပင် ကင်တားနားသည် နမ့်ဆန်မြို့ပလောင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာနရိပ်သာတွင် တစ်နာရီကြာတွေ့ဆုံခဲ့ကြောင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့
ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ကိုဇေယျာက မဇ္ဈိမကို ပြောသည်။

“ပလောင် အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ သဘောသဘောဝကို မေးသွားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘယ်နှစ်ခု
ရှိလဲ။ နောက်ပြီး ပလောင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေကို မေးသွားပါ
တယ်” ဟု ကိုဇေယျာက ပြောသည်။

မစ္စတာကင်တားနားသည် မေးခွန်း မေးမြန်းခြင်းများသာပြုလုပ်သွားပြီး ဒေသတွင်းဖြစ်ပွားရသည့် တပ်မတော်နှင့် တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်ခံရသည်ဆိုသည်မှာ ဟုတ်မှန်သလားဟူသည့် မေးခွန်းလည်းပါဝင်ခဲ့သည်။

ထို့ပြင် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့် ဘာသာရေး အဓိကရုဏ်းများအတွင်း မီးရှို့သတ်ဖြတ်မှုကိုလည်း လေ့လာခဲ့
သည်။

ယခုကဲ့သို့တွေ့ဆုံမှုများ၏ ရလဒ်ကို ကုလသမဂ္ဂ၏ လာမည့် စုံညီအစည်းအဝေးတွင် တင်ပြမည့် မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတွင် ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း လူထုအခြေပြုအဖွဲ့အစည်းများ
ကို ကတိပေးပြောကြားသွားကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

၎င်းင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ အင်းစိန်ထောင်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့စဉ်က ဒေသခံများ၏ “ကင်တားနား ထွက်သွား” ဟူသည့် ဆန္ဒပြမှုနှင့် ကြုံတွေ့ခဲ့ရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။