Wednesday, August 7, 2013

BGF, DKBA, KNU တို့မှာ ညီအစ်ကိုတွေပါ ဟု ဆိုသည်

(ရွှေဟင်္သာသတင်းဌာန)

နှစ်ဖက် အကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့ကြ သော်လည်း DKBA အပါအဝင် KNU စသည့် ကရင် လက်နက်ကိုင် တပ်များ အားလုံးကို ညီအစ်ကို သဖွယ်သာ သဘော ထားကြောင်း ကရင် ပြည်နယ်ရှိ နယ်ခြား စောင့်တပ် သတင်းနှင့် ပြန်ကြားရေး အတွင်း ရေးမှူးမှ ယနေ့တွင် ထုတ်ဖော် ပြောကြား လိုက်သည်။

“အပစ်ရပ် လိုက်တဲ့ အခြေအနေ မှာတော့ ကျွှန်တော်တို့ အားလုံးက မိသားစု ညီအစ်ကို တွေပါပဲ၊ ဒါ့ကြောင့် မို့လို့ ပြီးခဲ့တဲ့ ၂၈/၅/၂၀၁၃ မှာ ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ ဆိုတာ ကြီးကို ကျွှန်တော်တို့ ဖွဲ့စည်း နိုင်ခဲ့ တာပါ” ဟု ကရင်ပြည်နယ် BGF သတင်းနှင့် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်မှ ယနေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။


ထို့သို့ ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်း နိုင်ခဲ့ ပြီးနောက် ပြည်သူ လူထု အကျိုးပြု လုပ်ငန်း များကို ပူးပေါင်း လုပ်ဆောင် နိုင်ခဲ့ ကြသည်။ လက်ရှိ ၌လည်း မြိုင်ကြီးငူ ဒေသရှိ ကျုံထော်နှင့် မိဇိုင်း ဒေသ တို့၌ မြေမြုပ်မိုင်း ရှင်းလင်းရေးကို BBF, DKBA, KNU သုံးဖွဲ့ ပူးပေါင်းကာ အကောင်အထည် ဖော်နေလျက် ရှိသည်။

ထို့ပြင် ကရင် အမျိုးသား အချင်းချင်း ပဋိပက္ခ များကို လက်နက်ကိုင် ဖြေရှင်းခြင်း မဟုတ်ပဲ ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ ဒေသ ဖွံ့ဖြိုးရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စသည့် လုပ်ငန်းစဉ် များကို အတူ တကွ ပူးပေါင်း လုပ်ဆောင် သွားကြ ရန်လည်း သဘောတူ ထားသည်။ 

ထိုသို့ လုပ်ဆောင်နိုင်ရန် အတွက် ညှိနှိုင်းမှု ပြုနိုင်ရန် အတွက် ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ အစည်း အဝေးကိုလည်း (၃) လတစ်ကြိမ် ပြုလုပ်ရန် ချမှတ် ထားပါသည်။

နိုင်ငံရေး အရ ပူးပေါင်း လုပ်ဆောင် ရန်မှာ မိမိတို့ နယ်ခြား စောင့်တပ် BGF မှာ အစိုးရ တပ်မတော် လက်အောက်ခံ လက်နက် ကိုင်တပ် ဖြစ်၍ နိုင်ငံရေး အခန်း ကဏ္ဍကိုမူ ပူးပေါင်း ပါဝင်ရန် မဖြစ် နိုင်ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်မှ ပြောသည်။

ကရင် ပြည်နယ်ရှိ နယ်ခြားစောင့်တပ် BGF တွင် တပ်နယ် လေးခု ရှိကာ တပ်နယ် (၁) မြိုင်ကြီးငူဒေသ၊ တပ်နယ် (၂) လှိုင်းဘွဲ၊ တပ်နယ် (၃) ရွှေကုက္ကို၊ တပ်နယ် (၄) မေတ္တာ လင်းမြိုင် တို့၌ အသီးသီး အခြေစိုက် ကြသည်။ 

၎င်းတပ်နယ် (၄) ခု လက်အောက်၌ တပ်ရင်း (၁၂) ရင်း ၁၀၁၁ မှ စကာ ၁၀၂၂ ထိ ရှိပြီး အမြဲတမ်း တပ်ဖွဲ့ဝင် အင်အားနှင့် အရန် အင်အား အပါအဝင် အင်အား (၈၀၀၀) ခန့် ရှိကြောင်း ဗိုလ်မှူး နိုင်မောင်ဇော် က ပြောသည်။

ထိုမိမိတို့၏ ကရင်ပြည်နယ် နယ်ခြား စောင့်တပ် များအားလုံးကို ဒေသဆိုင်ရာ အနေဖြင့် ကရင် ပြည်နယ် နယ်ခြား စောင့်တပ် ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းမှ တဆင့် ညွှန်ကြား နိုင်သလို၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး မှလည်း တိုက်ရိုက် ညွှန်ကြား နိုင်ကြောင်း သိရသည်။

လာမည့် သြဂုတ်လ (၂၀) ရက်နေ့ တွင်လည်း နယ်ခြား စောင့်တပ် တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား တစ်ရပ်ကို မြဝတီ မြို့နယ် တွင်းရှိ ရွှေကုက္ကို စခန်းတွင် ကျင်းပရန် ရှိပါသည်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ မွန်ပြည်သစ် ပါတီ၊ မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးအဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ MNDAA ကိုးကန့် အထူး ဒေသ အဖွဲ့ စသည်တို့ကို အခမ်းအနား တက်ရောက် နိုင်ရန် အတွက် ဖိတ်ကြား ထားကြောင်း သိရှိ ရသည်။

BGF နှင့် DKBA တို့အကြားတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် (၃) ရက်တာဖြင့် နှစ်ဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကာ မြိုင်ကြီးငူ ဒေသတွင်းရှိ နှစ်ဖက် စစ်ဘက် ဆက်ဆံရေးလည်း အဆိုးဝါးဆုံး အခြေ အနေသို့ ရောက်ရှိ ခဲ့ရသည်။

ထိုကိစ္စအား DKBA ဘက်မှ မေလ (၄) ရက်နေ့တွင် ပြည်နယ် အဆင့်ဖြင့် ၄င်း၊ မေလ (၆) ရက်နေ့တွင် နေပြည် တော်တို့ လည်းကောင်း သွာရောက် တင်ပြခဲ့သည်။ ထို့နောက် မေလ (၁၁) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် အဖွဲ့ လာရောက် ညှိနှိုင်း ပေးခဲ့ကာ နှစ်ဖက် အကြား ပြေလည်မှု ရရှိ ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။