Tuesday, February 26, 2013

သမ္မတထံစာပို့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေဟု ရှမ်းတပ်ပြော


 (Democratic Voice of Burma)

အစိုး ရတပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေကြောင်း သမ္မတကို ဒုတိယအကြိမ် စာပို့ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ၁၉ ရက်နေ့က အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ထံ ဖေဖော်ဝရီ ၂၀ ရက်နေ့က တင်ပြခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်တာကြောင့် ၂၂ ရက်နေ့နေမှာ သမ္မတထံ ထပ်မံတင်ပြခဲ့ပြီးနောက်ပိုင်း တိုက်ပွဲရပ်စဲသွားတယ်လို့ ဆိုပါတယ်။


ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့က နယ်မြေဖွံ့ဖြိုးရေးအတွက် တန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စုက လွယ်လန်းဒေသမှာ ခုတ်ထွင် ရှင်းလင်းပြီး စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ပါတယ်။ အစိုးရတပ်ဘက်က နယ်မြေကျုးကျော်တယ်ဆိုပြီး ဆုတ်ခွာပေးဖို့ ပြောဆိုခဲ့တာကို ရှမ်းတပ်က ဆုတ်မပေးတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

သမ္မတဆီ စာပေးပို့ခဲ့တဲ့ကြောင်းအရာနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက “၂၂ ရက်နေ့က သမ္မတဆီ စာ တင်လိုက်တယ်လေ။ စာထဲမှာပါတာက လက်ရှိ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ တပ်မတော်က ထိုးစစ်ဆင်တဲ့ဒေသတွေဟာ တပ်မဟာ ၃၆ရဲ့ နေရာချ ထား ရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း တင်ထားတဲ့နေရာပေါ့။ အဲနေရာတွေကို ထိုးစစ်ဆင်နေရင် အပစ်ခတ်ရပ်ထားတဲ့ဘော တူညီချက်ပျက် ပြားသွားတဲ့နေအထားမျိုး သက်ရောက်သွားနိုင်မယ်ပေါ့။ သမ္မတက လည်း တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ သူ့တပ်တွေဆုတ်ပေးဖို့ သက်ဆိုင်ရာ တိုင်းဌာနချုပ်ဆီ ညွှန်ကြားပေးမယ်ပြောတယ်။ ဦးအောင်မင်းတို့ကနေ ဦးသိန်းဇော်ကနေ တဆင့် ကျနော်တို့ဆီ ဖုန်းနဲ့ပြောတယ်လေ။ အခု ဒီ ၂ ရက်မှာတော့ တိုက်ပွဲတွေ မဖြစ်တော့ဘူး” လို့ ပြောပါတယ်။

လတ်တလောအခြေအနေ ငြိမ်သက်နေပေမယ့် အစိုးရတပ်ဘက်က လွယ်လန်းတောင်ခြေကနေ မဆုတ်ခွာသေးဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ဖြစ်တဲ့ တိုက်ပွဲသတင်းကို မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ လက်ခံဖြေကြားမယ့်သူလည်း အစိုးရဘက်က ထုတ် ပြန်ထားတာမရှိပါဘူး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ၂၀၁၀ ခုနှစ်ထဲမှာ အပစ်ခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးထားပေမယ့်လည်း တိုက်ပွဲတွေ အနည်းဆုံး ၈၀ ကျော် ပြန်ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။