Thursday, February 28, 2013

KNU လည်း ရာဇသံ အပေးခံ ရနိုင်ဖွယ်ရှိနေ


ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့သည် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးကို မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိနိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှုး ဗဒိုမန်းမန်းက ပြောပါသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။


အပစ်အခတ် ရပ်စဲရေး အခြေအနေသည် ခိုင်မာသည့် အဆင့် မရောက်သေး သောကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက်က ပြည်ထောင်စု အစိုးရ အဖွဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနှင့် တွေ့ဆုံစဥကရင် အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများက ထပ်မံ ပြောကြား ခဲ့ပါသည်။

KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် အတွက် အချက် ၄ ချက် ပါသော သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့တွင်လည်း ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ပင် နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် ဆိုင်ရာများကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြန်ပါသည်။

ထိုဆွေးနွေးပွဲ၌ KNU တပ်မဟာ (၁) မှ (၇) အထိ ဒေသများတွင် အစိုးရ တပ်ဖွဲ့က စခန်း (၃၀၀) နီးပါးခန့် တပ်စွဲ ထားမှုရှိ သည့် အနက်မှ နေရာ (၉၀) ခန့် ရွှေ့ပြောင်း ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ပါသည်။ ထို့အပြင် KNU ၏ တပ်နေရာ ချထားမှု ကိုလည်း တင်ပြခဲ့ပါသည်။

KNU သည် ဤတင်ပြ ထားချက်များကို ပြီးခဲ့သည့် ဇန္နာဝါရီလ (၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ သွားရောက်တွေ့ ဆုံခဲ့စဉ်တွင်လည်း ဤကိစ္စ ဆက်လက်ဆွေးနွေးရန် ရက်ချိန်း သတ်မှတ်ရေး ထပ်မံ တင်ပြ ခဲ့ပါသည်။

ဤသို့ကြောင့်ခိုင်မာသည့် အပစ်အခတရပ်စဲရေး ရရှိရန်နှင့် တပ်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လာမည့် မတ်လတွင် အစိုးရ၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း Myanmar Peace Centre မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြား ထားပါသည်။

အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထပ်မံ တိုက်ခိုက် နေပါသည်။ ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ အတွင်းမှာပင် အပစ်အခတ် ရပ်စဲရေး ရယူထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA နှင့် ရှမ်း ပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့အား တပ်စခန်း ရွေ့ပြောင်း ပေးရန် အကြောင်းပြပြီး အစိုးရ တပ်ဖွဲ့က ရာဇသံပေး တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရပါသည်။ 

ဤသည် အပစ်အခတ် ရပ်စဲရေး မခိုင်မာမှုကြောင့် ဖြစ်ရကြောင်း KNU ဖက်က ရှုမြင် နေခဲ့ပါသည်။ ဤသို့ကြောင့် KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ စေလိုသဖြင့် အစိုးရအား အရေးဆို နေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ မဟုတ်ပါက  KNU အဖွဲ့သည်လည်း  အခြားသော အပစ်ရပ် တိုင်းရင်းသားများ နည်းတူ အစိုးရ တပ်ဖွဲ့၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိသည်ဟု ဆိုနေခြင်းဖြစ်ကြောင်း KNU ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဗဒိုမန်းမန်းက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။