Wednesday, February 20, 2013

အပစ်ရပ် သဘော တူညီမှု မပျက်ပြယ်ရေး RCSS/SSA နှင့် ဦးအောင်မင်းတို့ ဆွေးနွေးခဲ့


ရွှေဟသာင်္ သတင်းဌာန။


ရယူ ထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက်ကို မပျက်စီး စေရန် နှစ်ဖက် စလုံး ထိန်းသိမ်း လုပ်ဆောင် ကြရန် အတွက် ရှမ်းပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ RCSS နှင့် ဦးအောင်မင်းတို့ ယမာန်နေ့ (ဖေဖော်ဝါရီ ၁၉) ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဇင်းမယ် မြို့တွင် အလွတ် သဘော တွေ့ဆုံ ခဲ့ကြစဉ် ဦးအောင်မင်းက ပြောကြား သွားသည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

“နှစ်ဖက် ရယူ ထားတဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီ ချက်ကို မဖျက် လိုက်ဖို့ ပြောတယ်။ နောက်ထပ် တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်း နေကြဖို့ သူ (ဦးအောင်မင်း) က ပြောတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်မှ ပြောသည်။


၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် RCSS အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ အပစ်အခတ် ရပ်စဲ ရေးကို သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ကြကာ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေး မှုကို (၂) ကြိမ် တိုင်တိုင် ပြုလုပ် ခဲ့ကြပြီး ဖြစ်သည်။
သို့သော်လည်း အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိ ပြီးချိန်မှ စ၍ နှစ်ဖက် တပ်များအကြား တိုက်ပွဲပေါင်း (၃၀) ကျော် ဖြစ်ပွား ခဲ့ကြ ပြီး ဖြစ်သည်။ 

အစိုးရနှင့် ရယူ ထားသည့် အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ သဘော တူညီချက် များထဲမှ အချက် အချို့ကို အကောင် အထည် ပေးခြင်း မရှိသေးသည့် အပေါ်ကိုလည်း ဆွေးနွေး ပွဲ၌ တင်ပြ ခဲ့ကြောင်းလည်း ဆိုပါသည်။

 “ကျနော်တို့ ဘက်က လက်မှတ် ရေးထိုး ထားတဲ့ သဘော တူညီချက် တွေကို အကောင်အထည် ဖော်ပေးဖို့ တင်ပြတော့၊ ဦးအောင်မင်းက စိတ်ရှည် ရှည်ထားပါ။ တဖြည်းဖြည်းနဲ့ ကျနော်တို့ လုပ်ပေးမယ်။ ပြေလည်အောင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရေး လုပ်ပေး နေတာဘဲ” ဟု ပြန်လည် ဖြေကြား ခဲ့ကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ ပြော သည်။

ထို့ပြင် အစိုးရ တပ်ဖွဲ့တို့မှ ရှမ်းပြည်သူ များကို ဒုက္ခ မပေး ကြရန်၊ RCSS ထိန်းချုပ် ဒေသ အတွင်းသို့ အစိုးရ တပ်ဖွဲ့များ တိုးချဲ့ ချထားခြင်း မပြု ကြရန် ပြောကြား ခဲ့ကြောင်း ၄င်းမှ ဆက်ပြောသည်။

“မြို့မှာဆို သူတို့ တပ်ဖွဲ့က ကောင်းကောင်း မွန်မွန် အုပ်ချုပ်ကြတယ်။ တောမှာဆိုရင် ညှင်းပမ်း နှိပ်စက် နေကြတုန်းပဲ၊ အဲတာကြောင့် ကျနော် တို့ ပြည်သူ တွေကို မနှိပ် စက်ဖို့ ပြောရတယ်။ တိုက်ပွဲ ဆက်မဖြစ် အောင် အစိုးရ တပ်ဖွဲ့တွေ တိုးချ ထားခြင်း မပြု လုပ်ဖို့လဲ ကျနော်တို့ ဘက်က ပြောတယ်” ဟု ဆိုပါသည်။

ရှေ့ဆက် တိုက်ပွဲ မဖြစ်ပွား ရန်အတွက် လက်မှတ် ရေးထိုး ထားကြသည့် သဘော တူညီမှု များကို အစိုးရ ဘက်မှ လေးစား လိုက်နာကာ ယုံကြည် မှုကို အစိုးရ ဘက်က စတင် တည်ဆောက်ကာ လုပ်ဆောင် ပေးရန် လိုအပ် နေသည်ဟု ဆိုပါသည်။ 

“ သူတို့တပ်ဖွဲ့တွေ ကျနော်တို့ ဒေသကို နယ်ကျွံ ဝင်လာ တာတွေ ၊ ကျနော်တို့ ပြည်သူ တွေကို ညှင်းပမ်း နှိပ်စက် ကလူ ပြုလုပ် နေ တာ တွေ ၊ ဒီလုပ်ရပ် တွေဟာ အစိုးရ အပေါ် ယုံကြည် မှုတွေ ပျက်စေတဲ့ လုပ်ရပ် တွေပါ” ဟု ဗိုလ်မှူး ဆိုင်းလောင်ဆိုင် က ဆိုပါသည်။

လက်ရှိ၌ ရှမ်းပြည် တပ်မတော် တောင်ပိုင်းခေါ် RCSS/SSA နှင့် အစိုးရ တပ်များ အကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိ သော်လည်း ရှမ်းပြည် တပ်မ တော် မြောက်ပိုင်းဟု လူသိ များသည့် SSPP/SSA တပ်နှင့်မူ ဖေဖော်ဝါရီ (၁၉) နှင့် (၂၀) ရက်နေ့ နှစ်ရက် ဆက်တိုက်ပင် တိုက်ပွဲများ ဖြစ်ပွား နေကြ ဆဲပင် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။