Tuesday, February 26, 2013

RCSS/SSA အား ရာဇသံချိန်နှင့် တပြေးညီ တိုက်ခိုက်ခံရ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ (RCSS/SSA)အား ၄င်းတို့ တပ်စခန်း ၂ ခုမှ ဆုတ်ခွာသွားရန် အစိုးရ တပ်ဖွဲ့တို့က ဖိ အားပေး တိုက်ခိုက် နေသည်ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောင်စိုင်းက ပြောပါသည်။

“ရှမ်းပြည် တောင်ပိုင်း မိုင်းတုံမြို့နယ်မှာ ရှိတဲ့ အရှေ့ အလယ်ပိုင်းတိုင်းရဲ့ အခြေချ စစ်ဗျူဟာ တခုနားပေါ့ဗျာ၊ အဲဒီနားမှာ ရှိတဲ့ မိုင်းထားမြို့နယ်ခွဲမှာ တနေရာ၊ ပြီးတော့ ဟိုမိန်မြို့နယ်ခွဲမှာ တနေရာ အဲဒီက ကျနော်တို့ စခန်း၂ခုကို ရုပ်သိမ်းပေးဖို့ မိုင်းထား ဗျူဟာမှူးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မှာ စာဖြင့် အကြောင်းကြား ထားတယ်။ နှုတ်ဖြင့်နဲ့လဲ ပြောလာတယ်။ ပြော ပြီးတာနဲ့ နောက်နေ့ ဖေေါ်ဝါရီလ ၂၅ ရက်နေ့မှာ တပ်အင်အားနဲ့ လာပြီး စတင် တိုက်ခိုက်တော့တာပါဘဲ။” ဟု ဆိုပါသည်။


ဖေဖော်ဝါရီက၂၅ ရက်နေ့တွင် အစိုးရ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၆၆ တပ်ဖွဲ့တို့သည် ခို လံ မြို့နယ်ခွဲ ခိုအွတ် ကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ နံနက် ၁၀ နာရီခွဲ အချိန်တွင် RCSS/SSA နယ်မြေခံ တပ်ဖွဲ့နှင့် ၁၀ မိ နစ်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဆိုပါသည်။ ယင်းတိုက်ပွဲအစိုးရဖက်မှ (၅) ဦး ကျဆုံးခဲ့သည်ဟု RCSS ဖက်ကဆို ပါသည်။ 

အစိုးရ မိုင်းထား ဗျူဟာမှူးသည် RCSS/SSA ၏ မိုင်းထားမြို့နယ်ခွဲ၊ လွယ်မွတ်- နံလန်တောင်ကျောရှိ နယ်မြေခံတပ် စခန်း နှင့် ဟိုမိန်းမြို့နယ်ခွဲ၊ လွယ်လန်း တောင်ကုန်းရှိသည့်စခန်းတို့ကို လာမည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံး ထား ပြီးဆုတ်ခွာပေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စာရေး အကြောင်းကြား ထားခဲ့ခြင်းဖြစ်ပါသည်။

ယင်းနေရာကို ဆုတ်ခွာ ပေးခြင်း မပြုပါက တပ်အင်အားဖြင့် လာရောက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့ ဘက်မှ ပြောသွား ခဲ့သည်ဟု ဗိုလ်မှူး ဆိုင်လောင်စိုင်းက ဆိုပါသည်။ ဤသို့ကြောင့် RCSS/SSA ဥက္ကဌ ရွတ်ဆစ်မှ သမ္မတ ထံ လိပ်မူပြီး ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲကို အကြောင်းပြုပြီး စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။

“နှစ်ဦးနှစ်ဖက် ရရှိထားတဲ့ သဘော တူညီချက်များ အတိုင်း အစိုးရဘက်မှ လိုက်နာ ဆောင်ရွက်ပေးဖို့၊ အကယ်၍တိုက်ပွဲ တွေ ဆက် ဖြစ်ပွားနေပါက ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ထိခိုက်စေတယ်။ အဲဒီ အဆိုပါတဲ့ စာတစောင်ကို ကျနော်တို့ဥက္ကဌက သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး ဒီနေ့ ပေးပို့လိုက်ပါတယ်။” ဟု ဆိုပါသည်။

RCSS/SSA ဘက်မှ အစိုးရ တပ်ဖွဲ့၏ ရာဇသံအတိုင်း တပ်ဆုတ်ပေးရေးကို ဆုံးဖြတ်ချက်များ မချမှတ်ရသေးကြောင်း ဆိုပါ သည်။ RCSS/SSAသည် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့တွင် ရေရှည် အပစ်အခတ် ရပ်စဲရေး ရရှိရေးအတွက် ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

RCSS/SSA နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ရရှိ ခဲ့ပါသည်။ ရရှိသော သဘော တူညီချက်များထဲ၌ ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းထားမြို့နယ်ခွဲတွင် RCSS ၏ ဗဟို ဌာနချုပ် ထား ရှိရန်နှင့် ဟိုမိန်းမြို့နယ်ခွဲတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဖွံ့ဖြို့ရေး အထူးဇုံ နေရာအဖြစ် ထားရှိရန် သဘောတူ ခဲ့ပါသည်။
ဤကဲ့သို့ သဘော တူညီချက်များ ရှိခဲ့သောကြောင့် RCSS/SSA ဘက်မှ အခြေခံ စခန်းများ တည်ဆောက်နေခြင်း ဖြစ်ပါ သည်။ ဤ သည်ကို အကြောင်းပြုပြီး အစိုးရသည် ၄င်းနေရာမှ ဆုတ်ခွာပေးရန် တောင်းဆိုနေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။