Monday, February 24, 2014

သံလွင်အရှေ့ခြမ်း၌ အစိုးရတပ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ  တပ်စခန်း အား ဖယ်ပေး ရန် အစိုးရ တပ်တောင်း ဆိုမှုကို သျှမ်းပြည် တပ်မတော်  RCSS/SSA က လိုက်လျောခြင်း မရှိသောကြောင့် ယမန်နေ့က ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည် ဟု RCSS ပြောခွင့်ရ က ပြောပါသည်။
“မိုင်းပန်ကနေ တာ့ဆွပ်ပတ်ကူးတို့ဆိပ်ကူးပြီး တက်လာတဲ့ စစ်ကြောင်း မနေ့က မွန်းလွဲပိုင်း ၃ နာရီ ကနေ ၆ နာရီ အထိ လွယ်လိတ်စီးမှာတိုက်ပွဲဖြစ်တယ်။ အခုလဲ လွယ်ပန်းတုန်းမှာလဲ နှစ်ဘက် ချိန်နေတယ်”  ဟု ပြောခွင့်ရ စိုင်းဆိုင်မိဏ်း ကပြော သည်။


မိုင်းပန်မြို့မှ သံလွင်မြစ်ကူး၍ နယ်စပ်ဘက် ဦးတည်နေသည့် မူးယစ်မှောင်ခိုအဖွဲ့အားတားဆီး ရှင်းလင်းနိုင်ရေးအတွက် ဖေါ်ဖေါ်ဝါရီ ၁၅ ရက်မှ စ၍ စစ်အင်အားဖြည့်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဒေသအတွင်း အခြေချလှုပ်ရှားနေသော အင်အားများအား ဆုတ်ပေးရန် မိုင်းတုံ  ဗျူဟာမှူးက RCSS/SSA တပ်မှူးအား အထက်သို့ တင်ပြပေးပါရန် အကြိမ်ကြိမ် လာရောက်တောင်းဆိုကြောင်း  ဒေသတွင်းအကြီးအကဲတဦးကပြောသည်။


“ကျနော်တို့ အစဉ်အဆက် အရင်ကတည်းကလှုပ်ရှားလာခဲ့တဲ့နေရာလေ။ ကျနော်တို့ တပ်မဆုတ်ပေးနိုင်ပါဘူး။ ဒါ မြန်မာ စစ်တပ်ဘက်က အင်အားဖြည့်ချင်လို့အကြောင်းပြပြီး ဖယ်ခိုင်းတာဘဲဖြစ်တယ်လို့ယူဆတယ်။ ဒါပေမယ့် ဖယ်ပေးဆုတ်ပေး ဖို့အထက်အမိန့် ကျမလာသေးတာကြောင့် ကျနော်တို့ မဖယ်ပေးနိုင်ဘူး။ ထိပ်တိုက်တွေ့ရင်တော့ မလွဲသာမရှောင်သာ တိုက်ပွဲဖြစ်ပွါးရမှာဘဲ” ဟု လည်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါသည်။

ယမန်နေ့ညနေပိုင်းမှစ၍လည်း  မိုင်းတုံမြို့ အနောက်တောင်ဘက် ( မိုင် ၃၀ ကျော်) လွယ်ပန်းတုန်းရှိ သျှမ်းတပ်စခန်းအား မိုင်းကျွတ်မှ မြန်မာစစ်တပ် စစ်အင်အား ၂၀၀ ခန့်က အင်အားဖြည့်နေသောကြောင့် နှစ်ဘက်တပ်ဆုတ်ခြင်းမပြုလျှင် ထိပ်တိုက်မှု ထပ်ဖြစ်လာနိုင်ကြောင်း အဆိုပါမိုင်းတုံဒေသခံအကြီးအကဲတဦးကပြောသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်၏ မိုင်းပန်မြို့နယ်အတွင်း အကြီးအကဲ (အုပ်ချုပ်ရေးမှူး) ကလည်း  ဖေဖေါ်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့က မြန်မာအစိုးရ၏ တပ်ပိုင်းဆိုင်ရာအကြီးအကဲများထံသို့ စာတစောင်ရေး သားပေးပို့ထားကြောင်း၊ အဆိုပါစာတွင် မြန်မာစစ်တပ်၏ စစ်ကြောင်းများ လမ်းမကြီးမှ တောပိုင်းဘက် ၆ မိုင်ထက်ပို မဆင်းရန်၊ ဆင်းပါက ကြိုတင်အကြောင်းကြားပေးရန် ပါရှိသည်ဟု နီးစပ်သည့် မိုင်းပန် အရာရှိတဦးကလည်း သျှမ်းသံတော်ဆင့်အား ပြောပါသည်။


ထိုသို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်၏ ဆက်ဆံရေးရုံးအား ဖွင့်လှစ်နိုင်ရေးအတွက် အတားအဆီးမဖြစ်နိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြပါသည်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။