Thursday, February 6, 2014

မူးယစ်ဆေး ပပျောက်ရေး တအာင်း သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) သံဃာတော်များ ဦးဆောင်ပြီး တအာင်း (ပလောင်) တိုင်းရင်းသားများ ပူးပေါင်း၍ ယနေ့ နေ့လယ် ပိုင်း၌ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း သတင်း ရရှိသည်။



စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရန် တအာင်း(ပလောင်) သံဃာတော် အပါး (၆၀) ခန့် ပါဝင်ဦးဆောင် ကြောင်း၊ တအာင်း(ပလောင်)တိုင်းရင်းသားအယောက်(၄၀၀) ခန့်ပါဝင်ကြကြောင်း၊ ဆန္ဒထုတ်ဖော် ချိန်မှာနေ့လယ်၂ နာရီမှ ညနေ ၄ နာရီအထိဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သောလူငယ် မိုင်းအိုက်ကျော် ကဆိုသည်။



“ကျနော်တို့က တအာင်းယဉ်ကျေးမှုရုံးရှိရာ မန့်နားတောင်ခြေကနေ မြို့တစ်ပတ်ပတ်ပြီး နောင့်စန့်ကုန်း နားက ပန်လိမ်ပျံကွင်း(အင်္ဂလိပ်ခေတ်ကလေယဉ်ကွင်းဟောင်း) မှာ ကြေငြာချက်ကို ဦးဆောင် သော သံဃာတော် တစ်ပါးကဖတ်ကြားတယ်။ အဲဒီနောက်တော့ ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာနဲ့ ရပ်နားခဲ့ တယ်၊ အားရကျေနပ် မိပါတယ်၊ ဒါဟာ ကျနော်တို့ ပထမဆုံးအကြိမ်လည်းဖြစ်တယ်၊ ပြည်သူတွေ ဘက်က အားပေးမှုလည်းရရှိ ခဲ့တယ်” ဟု ၄င်းကပြောသည်။



မူးယစ်ဆေးဝါးပပျောက်ရေး-ဒို့အရေး၊ မူးယစ်အန္တရာယ်ကာကွယ်ပေးရေး-ဒို့အရေး၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ရပ်တန့်ပေး-ဒို့အရေး  အစရှိ အချက် သုံးချက်ကို ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ကြောင်း  လွေးအီခမ်းကဆိုသည်။



“ကျမတို့လည်း ညီညီညာညာ စိတ်ပါဝင်စားစွာ ကြွေးကြော်ခဲ့ကြတယ်၊ အမျိုးသမီးတချို့ ရင်ထဲက ခံစားချက် တွေကို စာရွက်ပေါ်ရေးသားပြီး ကိုင်ဆောင်ဖော်ထုတ်ပြသခဲ့ပါတယ်။ မူးယစ်ဆေးကြောင့် တအာင်း တိုင်းရင်းသားနဲ့သျှမ်းပြည်ထဲက တခြားတိုင်းရင်းသားတွေ  ပျက်စီးနေကြပါပြီ၊ ဒါ့ကြောင့် ခုလို ဆန္ဒ ထုတ်ဖော်ပွဲ ကျင်း ပရတယ် ” ဟု ၄င်းကပြောသည်။



 တအာင်း(ပလောင်) သံဃာတော်များနှင့် တအာင်း(ပလောင်) တိုင်းရင်းသားများ စီတန်းလှည့် လည်ဆန္ဒ ထုတ်ဖော်သည့်နေ့တွင် နမ့်ခမ်းမြို့ရှိအစိုးရအဖွဲ့များကလည်း ကျားဖြူခန်းမတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟောပြောပွဲကျင်းပခဲ့ကြောင်း ဒေသခံများထံမှသိရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။