Tuesday, June 4, 2013

NLD ပါတီဝင်နှုတ်ထွက်ခြင်း PNO လုပ်ဆောင်ချက်မဟုတ်ဟု ဖြေရှင်း

(မြစ်မခ)

တောင်ကြီးမြို့တွင် (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)မှ NLD ရုံးအား လူအင်အားဖြင့် ၀ိုင်းခြင်း၊ ပါတီဝင်များအား နှုတ်ထွက်ရန်ပြောဆိုခြင်း နှင့် ရွာသားများအား နှိပ်စက်ခြင်းတို့မှာ မဟုတ်မှန်ကြောင်း ဗိုလ်မှူးကြီး ခွန်လာက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုသည်။
 
"ကျွန်တော်တို့ ပုံမှန်သွားလာနေတာပါ။ ၀ိုင်းမယ်ဆိုရင် ဖမ်းဆီးဖို့ အဆင်သင့်လုပ်ဆောင်ချက်ပဲ။ ၀ိုင်းပြီးတော့ ဖမ်းဆီးသလား။ သူတို့ပိုက်နက်ထဲဝင်သလား။ သူတို့အိမ်ဘေးမှာ လူသွားလမ်းရှိမယ်၊ လှည်းလမ်းရှိမယ်၊ ရေခပ် လမ်းရှိမယ်၊ အဲ့ဒီကဖြတ်သွားရုံနဲ့ သူတို့ကို ၀ိုင်းတယ်လို့ပြောလို့ရလား"ဟု (PNO)အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)မှ ဗိုလ်မှူးကြီး ခွန်လာက ပြောသည်။

 
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇွန်လ(၃)ရက်နေ့တွင် တောင်ကြီးမြို့နယ် ကျောင်းတောစခန်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
PNOသည် ၂၀၁၃ ခုနှစ် မေလ (၁၄)ရက်နေ့တွင် မောက်စံရွာနေ ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ (၁၅)ရက်နေ့တွင် မောက်စံကျေးရွာရှိ NLD ရုံးအား ပြည်သူ့စစ်အင်အား (၃၀) ဖြင့်ဝိုင်းခဲ့သည်ဟု ပြည်တွင်းမီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများ၌ မေလ(၁၇)ရက်နေ့တွင် ဖော်ပြပါရှိခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖြေရှင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ကျွန်တော် ပြည်ပခရီးတွေသွားနေလို့ ဒီလိုသတင်းပျံ့နေတာကို အချိန်မီ မဖြေရှင်းနိုင်ခဲ့တာပါ။ “ ဟု ဗိုလ်မှူးကြီး ခွန်လာက ပြောသည်။
 
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ (PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ အချိန်မီ ဖြေရှင်းပေးမည်ဆိုပါက ပြဿနာများ ကြီးထွားမလာနိုင်ကြောင်း ဒီချုပ်ပါတီ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါ်ခင်မိုးမိုးအေးက ဆိုသည်။
 
ကျွန်မတို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး၊ဒါလည်းသူတို့ဘက်က အကြောင်းပြချက်ပဲ၊ ဒီဖြစ်စဉ်ကို တာဝန်ရှိတဲ့ ဗိုလ်မှူးကြီးခွန်လာကိုယ်တိုင်က အချိန်မီ ဖြေရှင်းပေးမယ်ဆိုရင် အခုလို ဖြစ်လာနိုင်စရာမရှိပါဘူး ဟု ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌဒေါ်ခင်မိုးမိုးက ပြောသည်။
 
တောင်ကြီး အန်အယ်လ်ဒီရုံးသို့ နှုတ်ထွက်စာ(၅၇)စောင် ရှောက်ရှိလာခဲ့ပြီး အကြောင်းမှာ အတင်းအကြပ်ခိုင်းစေခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု မေလ(၁၉)ရက်နေ့တွင် တောင်ကြီး အန်အယ်လ်ဒီရုံး၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
 
"ပါတီဝင်တွေကို နှုတ်ထွက်ခိုင်းတာမရှိပါဘူး။ ရွာသားတွေကိုဖမ်းတာမဟုတ်လောက်ပါဘူး။ တစ်ခုခုဖြစ်မှာ စိုးလို့ ထိန်းထားတဲ့ သဘောပဲဖြစ်နိုင်ပါတယ်။"ဟု တောင်ကြီးမြို့ နန်းဟောင်း ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး က ပြောသည်။
 
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံများကို ဖမ်းဆီးသူမရှိကြောင်း ၊ အန်အယ်လ်ဒီပါဝင်များကိုလည်း နှုတ်ထွက် ခိုင်းစေခြင်းမျိုးကို မတွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံက သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။