Saturday, June 15, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မည်ဆိုပါက ပြည်နယ်များတွင် ပြည်နယ်ကာကွယ်ရေးတပ်များရှိရန် လိုသည် ဟူသောအချက်ကို ထည့်သွင်းသင့်ကြောင်း RCSS/SSA အတိုင်ပင်ခံပြောကြား

(Eleven Media Group)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မည်ဆိုပါက ပြည်နယ်များတွင် ပြည်နယ်ကာကွယ်ရေး တပ်များရှိရန် လိုအပ်သည် ဟူသောအချက်ကို ထည့်သွင်းပါက ကောင်းမည်ဟုထင်ကြောင်း RCSS/SSA အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ပြောကြားသည်။

ဇွန် ၁၄ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်နှင့် နိုင်ငံရေးပါတီများ၊ လူထုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ပြီးခဲ့သည့် မတ်လအတွင်းက ၎င်းတို့အဖွဲ့ လားရှိုးမြို့၌ ရှိနေစဉ် နိုင်ငံရေးပါရဂူ တစ်ဦးက ဖက်ဒရယ်နှင့် ပတ်သက်သော အချက်ခြောက်ချက်ကို တင်ပြခဲ့ကြောင်း၊ ယင်းအချက်ခြောက်ချက်နှင့် ပတ်သက်၍ WGEC အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် နံပါတ်(၇)အချက်ဖြင့် ပြည်နယ်များတွင် ကာကွယ်ရေး တပ်များရှိရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ပြောကြားသည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီခြောက်ချက်အပြင် နောက်ထပ်နံပါတ်(၇) အချက်လည်း ထည့်ဖို့လိုတယ်လို့ WGEC အစည်းအဝေးမှာ ပြောပါတယ်။ အဲဒီနံပါတ်(၇) အချက်က ဘာလဲဆိုတော့ ပြည်နယ်တွေမှာ သူတို့ရဲ့ ပြည်နယ်ကာကွယ် တပ်တွေရှိဖို့ လိုတယ်။ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုလို့ရှိရင်လည်း နိုင်ငံရေးပါရဂူ ပြောကြားသွားတာနဲ့ WGEC အစည်းအဝေးက ထပ်မံဖြည့်စွက်ချက်နဲ့ ကျွန်တော်တို့ မှတ်ကျောက်လုပ်ပြီးတော့မှ ပြင်ဆင်သွားနိုင်မယ်ဆိုရင် အင်မတန်မှ ကောင်းပါတယ်'' ဟု အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ပြောကြားသည်။

အဆိုပါ အချက်ခြောက်ချက်သည် အခြေခံအားဖြင့် ဖက်ဒရယ်စနစ် ကျင့်သုံးနေသော နိုင်ငံအများအပြားတွင် တူညီကြကြောင်း၊ ဖက်ဒရယ် ကျင့်သုံးသည့်ပုံစံမှာ နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်း၊ ယင်းနိုင်ငံရေး ပါရဂူ၏ ပြောကြားချက်များကို အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ကိုးကားပြောကြားသည်။

ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးနေသော နိုင်ငံအများစုတွင် တူညီသောအချက်များမှာ ပြည်နယ်တိုင်းတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံရှိကြောင်း၊ လွတ်လပ်သော တရားစီရင်ခွင့်ရှိကြောင်း၊ ရွေးကောက်ပွဲများသည်လည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နှစ်ဆင့်ရှိပြီး တချို့နိုင်ငံများတွင် သုံးဆင့်၊ လေးဆင့်အထိ ရှိကြောင်း၊ ဗဟိုအစိုးရ၏ အာဏာကို ပြည်နယ်များသို့ ခွဲဝေပေးကြောင်း၊ ပြည်နယ်နှင့် ပြည်ထောင်စု ဆက်ဆံရေးသည် ဘယ်ညာဖြစ်နေသလို ပြည်ထောင်စု အစိုးရသည် ပြည်နယ်အစိုးရသို့ အမိန့်ပေး၍မရသည့် အချက်များရှိကြောင်း၊ ဓနခွဲဝေမှုအနေဖြင့် အင်အားတောင့်တင်းသော ပြည်နယ်များမှ အင်အားနည်းပါသော ပြည်နယ်များ (သို့မဟုတ်) ပြည်ထောင်စုမှ ချမ်းသာပြီး ပြည်နယ်များမှ မချမ်းသာသည့် အခါမျိုးတွင် တရားမျှတသော ဓနခွဲဝေမှု ရှိရမည်ဖြစ်ကြောင်း အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ဆက်လက် ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ၏ တပ်မတော်ဖွဲ့စည်းပုံသည် ဗမာ့တပ်မတော်ဆိုသည့် ပုံစံတစ်မျိုးတည်း ဖြစ်နေကြောင်း၊ ပြည်ထောင်စုတပ်မတော် မဟုတ်ကြောင်း၊ မိမိတို့ပါဝင်မည့် တပ်မတော်မှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖြစ်ပြီး ယင်းကဲ့သို့ ပါဝင်နိုင်ရန် မိမိတို့အဖွဲ့ထဲတွင် ပြုပြင်ပြောင်းလဲမှုအတွက် ပြန်လည် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်ရှိသော လက်နက်ကိုင်တပ်များသည် ပြည်နယ်လုံခြုံရေးတပ်များ ဖြစ်ရမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တွင် ပါဝင်ရမည့် ပုံစံဖြစ်ကြောင်း RCSS/SSA အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။