Tuesday, June 18, 2013

သမ္မတနှင့်ဆွေးနွေးရေးခရီးစဉ်မပြီးဆုံးသေးခင် RCSS ၏ လူအား မြန်မာစစ်တပ် ဖမ်းဆီး



သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရေးခရီးစဉ်မဆုံးသေးခင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၌ လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်၏လူ  ၃ ဦး အား မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“ အဲဒီလူ ၃ ယောက်က ရွာထဲမှာ လည်ပတ်ပြီး ညဉ့်နက်မှအိမ်ပြန်ကြတာ။ သီပေါနဲ့ တာတေ ကြား ခမရ ၅၀၄ တပ်ရှေ့မှာ အဖမ်းခံရတာ။ မြန်မာစစ်တပ်က အဲဒီလူ ၃ ယောက်ကို သူပုန်တွေလို့ပြောတာကို ဟို ၃ ယောက်က ကျနော်တို့ သူပုန် မဟုတ်ပါဘူး။ RCSS လူပါလို့ပြောတော့ ပါးချခံရတယ်ဆိုဘဲ” ဟု သီပေါဒေသခံဦးလုံးမောင်ကသျှမ်းသံတော်ဆင့်အား ပြောပြ သည်။



အဆိုပါ သျှမ်းပြည်တပ်မတော်မှ တပ်မတော်သား ၃ ဦးအား ယနေ့တိုင် မြန်မာစစ်တပ်က ဖမ်းဆီးထားဆဲဖြစ်ကြောင်း သီပေါဒေသခံများကပြောသည်။

ဖြစ်ပုံမှာ ကြာသပတေးညသန်းခေါင်ကျော်က သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် ၃ ဦး သီပေါမြို့မှ တာတေဘက်သို့အပြန် ခမရ ၅၀၄ တပ်ရှေ့ဖြတ်သန်းစဉ် မြန်မာစစ်တပ်က ၎င်းတို့အား  စစ်ဆေးရာ ၎င်းတို့၏ MP 4 အတွင်း သျှမ်းပြည်တပ်မတော် ပျောက်ကျားဝတ်စုံဝတ်ထားသော ၎င်းတို့၏ဓါတ်ပုံများကို ရှာဖွတွေ့ရှိခဲ့ရာမှာ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟုဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ထံမှ အတည်ပြုချက် မရရှိသေးပေ။

တဖက်တွင်လည်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSS/SSA အဖွဲ့ သည် ယမန်နေ့နှင့် ယနေ့မနက်ပိုင်း ကျောက်မဲမြို့ လူထုနှင့် တွေ့ဆုံဆွေးနွေးမှုပြုနေပါသေးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။