Saturday, June 22, 2013

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား

(Eleven Media Group)

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားသည်ဟု မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၂၊ အမှတ် ၁၅ တွင် ဖော်ပြထားသည်။

အစိုးရက ဘိန်းသောင်းကျန်းမှုကို လျစ်လျူရှု၍ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်အဖွဲ့ကို အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်မှာ '၀' အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် တောင်းဆိုသည့် ကိစ္စကို ချုပ်ကိုင်ချင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့သည် ဆိုခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသော မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်း၏ မေးမြန်းမှုကို ဦးအောင်သောင်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


''ရွက်ဆစ်ကို ကိုင်လို့ ရရ၊ မရရ'၀' နဲ့ ယှဉ်လို့ မရဘူး။ လုံးဝယှဉ်လို့ မရဘူး။ သို့သော် ရွက်ဆစ်နဲ့ ဆိုင်တာကတော့ '၀' ရှိပါ တယ်။ '၀' တပ်ဖွဲ့လေးတွေရှိတယ်။ ဟို ယခင်တုန်းက အကြောင်း အမျိုးမျိုးကြောင့် ဥပဒေပြုပေး ခဲ့တာလေးတွေ ရှိတယ်'' ဟု ဦးအောင်သောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

လက်နက်ကိုင် အဖွဲ့များတွင် '၀' သည် အင်အားအကြီးဆုံး ဖြစ်သောကြောင့် ရွက်ဆစ်ကို ရခြင်း၊ မရခြင်းနှင့် ပတ်သက်၍ Balance လုပ်လို့ မရကြောင်း၊ သို့သော် ကျန်တာအားလုံး ရပြီဆိုပါက '၀' အနေဖြင့်နေသာ တော့မည် မဟုတ်ကြောင်း၊''၀''ကလည်း မတော်လှန်ကြောင်းနှင့် မည်သည့်အခါမှ ခွဲထွက်မည်ဟု မထင်ကြောင်းလည်း ဦးအောင်သောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ဇွန် ၁၀ ရက်က ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်နိုင်ရန် နယ်မြေသတ်မှတ် ပေးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်များ နေရာချထားရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

'၀' ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ပြီးခဲ့သည့် မေ ၁၀ ရက်က '၀' အထူးဒေသ (၂) ပန်ဆန်းမြို့တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံပွဲတွင် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက တောင်းဆိုခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့မှာ အင်အားအနည်းငယ်သာ ရှိသော်လည်း အရေးတယူ လုပ်ရန်လိုကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ခေါင်းဆောင်ဟောင်း ဦးအောင်သောင်းက ပြောကြားသည် ဟုလည်း အဆိုပါ မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းတွင် ဖော်ပြထားသည်။

''အစိုးရအနေနဲ့ကတော့ သဘောထား ကြီးစွာနဲ့ မသိချင်ယောင်ဆောင်ပြီးတော့ စိတ်ထားကောင်းကောင်းနဲ့ ညှိညှိနှိုင်းနှိုင်းလေးနဲ့ ငြိမ်းချမ်းရင်ပြီးရော သူလည်း လက်နက်ကိုင်ပဲ။ အင်အားလည်း အနည်းအကျဉ်း ရှိတယ်ဆိုတော့ ဒီအင်အားလေးလည်း ငြိမ်းချမ်းအောင် ဆိုပြီးတော့ ပထမဦးဆုံး အင်အားနည်းတဲ့ အဖွဲ့ချင်းလို အင်အားနည်းတဲ့ အဖွဲ့တောင် သူတို့က အရေးတယူ လုပ်တာကိုး။ သူတို့ အဖွဲ့ကတော့ အဲဒီထက် အရေးတယူလုပ်ဖို့တော့ လိုတာပေါ့'' ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းသို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရန်ကုန်မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တာဝန်ခံ၊ နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့ကာ လက်ရှိနိုင်ငံရေး အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ကိစ္စများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာများ ဆွေးနွေးခဲ့သည်။ မန္တလေးမြို့နှင့် ကျောက်မဲမြို့တို့တွင် လူမှုအဖွဲ့အစည်းများ၊ လူထုနှင့် တွေ့ဆုံခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။