Saturday, January 5, 2013

ကြိုတင်အသိမပေးဘဲ ၀င်ရောက်လာသော အစိုးရတပ်ကို RCSS တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ RCSS/SSA နယ်မြေထဲသို့ ကြိုတင်အကြောင်းမကြားဘဲ ခိုးဝင်လာသည့် အစိုးရတပ် ဖွဲ့များနှင့် ယနေ့မနက် (၇) နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS ပြောခွင့်ရသူ ဗိုလ်မှုစိုင်းလောင်းဆိုင် ကဆိုပါသည်။

“ ရှမ်းတောင်ပိုင်းပေါ့ဗျာ။ ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ်ဖွဲ့တွေ တပ်ရင်း (၂) ရင်းနဲ့ ကျနော်တို့ စခန်းရှိရာဘက်ကို အကြောင်းမကြားဘဲ ၀င်လာတယ်ဆိုတော့ ကျနော်တို့ အမှတ် (၅) နယ်မြေခံ တပ်ဖွဲ့က တိုက်ခိုက်လိုက်တာပါ။ နေရာ (၃) ခုမှာ (၃) ကြိမ်လောက်ဖြစ်ပြီး တကြိမ်ကို မိနစ် (၂၀) လောက်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မသိသေးဘူး။” ဟု ဆိုပါ သည်။


ခိုးဝင်လာသည့် တပ်ဖွဲ့များသည် ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် ခမရ ၅၁၄ တပ်ရင်း နှင့် ခမရ ၂၈၇ တပ်ရင်း တို့ဖြစ်ပြီး RCSS/ SSA ထိန်းချုပ်ထားသော အမှတ် (၅) တပ်ရင်း လွယ်နဂါးတောင် စခန်းအနီးသို့ ချည်နင်း ဝင်ရောက်သဖြင့် ပစ်ခတ်ရခြင်း ဖြစ်ပါသည်။ တိုက်ပွဲသည် ထိုင်း-မြန်မာ နယ်စပ် ဟိုမိန်မြို့နယ်ခွဲ အနောက်တောင်ဘက်၌ ရှိသည့် ခွန်ဇာဗဟိုဌာနချုပ် ဟောင်းတည်ရှိရာ မယ်အော်ကျေးရွာ အနီးတဝိုက်တွင် ဖြစ်ပါသည်။

အစိုးရတပ်ဖွဲ့တို့သည် RCSS/SSA ထိန်းချုပ်နယ်မြေထဲသို့ တပ်အင်အား အလုံအရင်းဖြင့် နောက်ထပ် တကြိမ်ထပ်မံ ၀င် ရောက်မည်ဆိုပါက ယခုလက်ရှိ ရယူထားသည့် အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်မှ ချိုးဖောက်သည်ဟု RCSSက သတ်မှတ်တော့ မည်ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်က ဆိုပါသည်။ 

“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က စပြီးမဖျက်ပါဘူး။ အပစ်ရပ်စဉ် သဘောတူညီချက်အတိုင်း အစိုးရဘက်က လိုက် နာမှုမရှိဘဲ နောက်ထပ်တပ်အင်အား အလုံအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကျနော်တို့ ယူထားသည့် အပစ်အခတ်ရပ် စဲရေးကို ဖျက်တယ်လို့ သဘောထားမှာ ဖြစ်ကြောင်း။” ဗိုလ်မှူးးစိုင်းလောင်းဆိုင် ကပြောသည်။

RCSS သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး အစိုးရတပ်ဖွဲ့က တပ်အင်အား အလုံးအရင်းနှင့် ၄င်းတို့နယ်မြေ ထဲသို့ ၀င်ရောက်လာပါက ခွင့်ပြုမည်မဟုတ်ဟု ကြိုတင်အသိပေးထားဘူးပါသည်။ 

သို့သော်လည်း အစိုးရတပ်ဖွဲ့များသည် အပစ်ခတ်ရပ်စဲ ထားလင့်ကစား ကြိုတင်အကြောင်းမကြားဘဲ RCSS/SSA နယ်မြေ ထဲဝင်လာခြင်းကြောင့် RCSS နှင့် တိုက်ပွဲအကြိမ်ပေါင်း (၅၀) ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။ ယနေ့ တိုက်ပွဲသည်လည်း (၂) လခန့်ငြိမ် သက်နေရာမှ ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်သည်။ 

RCSS သည်၊ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန္နာဝါရီလ (၁၆) ရက်နေ့တွင် သဘောတူချက် (၁၁) ချက် ဖြင့်ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။