Friday, January 25, 2013

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စည်းလုံးမှုမရှိဟု မြန်မာစစ်တပ်အရာရှိပြော


သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား စည်းလုံးညီညွတ်မှုမရှိဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးက ဆိုကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း အစီရင်ခံစာ တရပ်တွင်ဖော်ပြထားသည်။
မြောက်ပိုင်းသျှမ်းတပ်ဖွဲ့နှင့် တိုက်ခိုက် နေသည့်ကာလက မြန်မာ့ တပ်မတော်က အရာရှိတဦးက အများယုံကြည်ကိုးကွယ် သည့် သျှမ်းဆရာတော်ကို လျှောက်တင်ရာ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအ ကြား စည်းလုံးညီညွတ်မှု အားနည်းမှုကိုထောက်ပြခဲ့သည်ဟုဆိုသည်။

၂၀၁၁ မတ်လ ၁၃ ရက်မှ ဩဂတ်စ်လအထိ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွါးစဉ်က ဆရာတော်အား ထိုသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါသည်။

၂၀၁၁ က သျှမ်းပြည်အလယ်ပိုင်း ၉ မြို့နယ်၌ ၅ လအတွင်း နှစ်ဦးနှစ်ဘက်ကြား တိုက်ပွဲပေါင်း ၃၀၈ ကြိမ်ဖြစ်ပွါးခဲ့ပြီး SSPP/SSA ဘက်မှ ၃၃ ယောက်ကျ ၄၄ ယောက်ဒဏ်ရာရခဲ့ကြောင်း ၊ မြန်မာစစ်တပ်ဘက်က ၅၀၀ ကျော် ကျဆုံးကာ ၆၀၀ ကျော် ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

“တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ လူအင်အား ငွေအင်အားတောင့်တင်းတယ် မတောင့်တင်းဒါထက် စည်းလုံး ညီညွတ် မှုကပိုအရေးကြီးပါတယ်။ သူတို့သာ စည်းစည်းလုံးလုံးနဲ့ တပည့်တော်တို့ကိုတိုက်မယ်ဆိုရင်တော့ တပ်မတော်ဘက် မှာ သိပ်အကျပ်အတည်း ဖြစ်နိုင်တယ် ” ဟုလည်း လျှောက်တင်ကြောင်း ဆရာတော်က ပြန်လည်မိန့်ကြားခဲ့သည်ဟု အစီရင်ခံစာ၌ပါရှိသည်။

  မြန်မာ့တပ်မတော်အတွင်း၌လည်း ရဲဘော်များမှာ စိတ်ဓါတ်အား တက်ကြွမှုနည်းပါးသဖြင့် ထိန်းချုပ်အမိန့်ပေးရာတွင် များစွာအခက်အခဲတွေ့ရကြောင်း အဆိုပါ မြန်မာ့တပ်မတော်အရာရှိ က ဆရာတော်အားလျှောက်တင်သည်ဟုလည်း ပြောပါသည်။

ကချင် KIA အားထိုးစစ်ဆင်နေသည့်ကာလအတွင်း၌လည်း သေကြေဒဏ်ရာရမှုနှင့်တပ်ပြေးမှုများရှိခဲ့ကြောင်းလည်း ယုံကြည်ရသည့် သတင်းရပ်ကွက်များကဖော်ပြလျက်ရှိသည်။

အဖွဲ့ဝင် ၁၁ ဖွဲ့ရှိ UNFC တွင်လည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA ဖွဲ့စည်းထားသော်လည်း ပလောင် PSLF နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP တို့ ကနောက်တန်းမှကူညီ တိုက်ခိုက်မှုမှလွဲ၍ တခြားတပ်ဖွဲ့များ လှုပ်ရှားမှု မတွေ့ရ ကြောင်း နိုင်ငံရေးလှုပ်ရှားသူများ အသိုင်းအဝိုင်းကထောက်ပြပါသည်။ UNFC အဖွဲ့ဝင် ၁၁ ဖွဲ့အနက် ၆ ဖွဲ့မှာ မြန်မာ အစိုးရနှင့် အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေး ထားကြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။