Monday, January 7, 2013

အစိုးရတပ်မှ သဘောတူညီချက်ကို မလိုက်နာသည့်အတွက် RCSS/SSA နှင့် တိုက်ပွဲပြန်ဖြစ်ဟုဆို

(mizzima)


အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS-SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အစိုးရဘက်မှ လိုက်နာခြင်းမရှိသည့်အတွက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု RCSS-SSA က ပြောဆိုလိုက်သည်။

အစိုးရတပ်ဖွဲ့များ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မိမိတို့ တပ်စခန်း အနီးသို့ လက်နက်အင်အားနှင့် ချဉ်းကပ်လာခြင်းကြောင့် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် နာရီဝက်ခန့် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ နေ့လည်ပိုင်းတွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း အပေါ် RCSS-SSA က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးအတွက် ကျနော်တို့ လက်မှတ် ထိုးလာတာ တနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ ဗမာ့တပ်မတော်ဘက်က ကျနော်တို့ ရရှိထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက်ကြောင့် ကြိုကြားကြိုကြားနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေရပါတယ်” ဟု RCSS-SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အဆင့်နှင့် ချုပ်ဆိုခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူချက်တွင် နှစ်ဘက်တပ်များ သွားလာမည်ဆိုပါက ကြိုတင်အကြောင်းကြားရန် ဆိုသည့်အချက် ပါဝင်သည်။

ဟိုမိန်း အခြေစိုက် စစ်ဗျူဟာတပ်က ဟိုမိန်းမြို့နယ်ခွဲ အနောက် တောင်ဘက် သံလွင် ကူးတို့ဆိပ်မှ ကီလိုမီတာ ၄၀ ခန့် ရှည်လျှားသည့် မယ်အော့ရွာထိ ကားလမ်း ဖောက်ရန် ဒီဇင်ဘာလအတွင်းက RCSS နှင့် သဘောတူခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် လမ်းပိုင်းတနေရာ၌ နှစ်ဖက်တပ်ဖွဲ့များ တွေ့ဆုံရန် ချိန်းဆိုထားကြသော်လည်း အစိုးရတပ်က ချိန်းဆိုချက်အတိုင်း လိုက်နာခြင်း မရှိသည့်အတွက် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း စိုင်းလောင်ဆိုင် က ပြောသည်။

“သူတို့က လမ်းပေါ်မှာ တွေ့ကြဖို့ ပြောတာပဲ။ အဲဒါ ကျနော်တို့ကလည်း သွားပြီးတော့ ကြိုဆိုနေတာပဲ။ လမ်းဖောက်တဲ့ နေရာဘက်ကို မသွားဘဲနဲ့ ကျနော်တို့ တပ်တွေ တည်ရှိတဲ့ နေရာဘက်ကို စစ်အင်အားနဲ့ ချီတက် လာတယ် ဆိုတော့ ကျနော်တို့ရဲ့ ရှေ့တန်းတပ်နဲ့ တောထဲမှာ တိုးပြီး တိုက်ပွဲတွေ ဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်တပ်ဖွဲ့များ ထိခိုက်မှု ရှိသည်ဟု ဒေသခံများက ပြောသော်လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်ကမူ အစိုးရဘက်က တဦး ကျဆုံးပြီး မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင် ဆောင်နယ်စပ် ရတ်ထိုင်းကျေးရွာ၏ အနောက်မြောက်ဘက် ၇ ကီလိုမီတာခန့်သာ ကွာဝေးသည့်အတွက် တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ၎င်းနယ်စပ်ရှိ ထိုင်း တပ်မတော်မှလည်း လုံခြုံရေး တပ်လှန့်ထားခြင်းများ ရှိသည်ဟု ဒေသမှ လာသော သတင်းများက ဆိုသည်။

ယခုဖြစ်ပွားခဲ့ရသည့်ကိစ္စနှင့် ပတ်သက်ပြီး RCSS-SSA ဘက်က တောင်ကြီးမြို့တွင် ရှိသည့် ၎င်းတို့၏ ဆက်ဆံရေးရုံးမှ တဆင့် ဒေသခံ တိုင်းမှူး၊ တိုင်း စစ်ဌာနချုပ်၊ ရှမ်းပြည်နယ် အစိုးရ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု ဆိုသည်။

၎င်းပြင် RCSS-SSA သည် ယခင်ကလည်း အစိုးရတပ်နှင့် ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကို ခြုံငုံသုံးသပ်ပြီးမြန်မာ ငြိမ်းချမ်းရေး စင်တာရှိ သမတရုံး ဝန်ကြီး ဦးအောင်မင်း ထံသို့ တင်ပြထားခဲ့သည်ဟု ဆိုသည်။

RCSS-SSA သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ် အဆင့်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး၊ပြည်ထောင်စု အဆင့်နှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့
သော်လည်း အပစ်ရပ်ပြီးနောက် တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ သည်ဟု စိုင်းလောင်ဆိုင် က ပြောသည်။

အလားတူ အခြား အပစ်ရပ် ရှမ်းတပ် တခုဖြစ်သည့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP-SSA သည်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့ အပစ်အခတ် ရပ်စဲချိန်မှ စ၍ အစိုးရတပ်နှင့် အကြိမ် ၃ဝ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။