(Kachinland)
အခုတင်ပြလိုက်တဲ့
စာရင်းကတော့ ဗဟိုအစိုးရရဲ့ ဘတ်ဂျက်အခွန်တော်ရငွေဖက်က တွက်ချက်ပြီး ပြလိုက်တဲ့
စာရင်းဖြစ်ပါတယ်။ ဘတ်ဂျက်အသုံးငွေဖက်က လှည့်ပြီး တွက်ချက်လိုက်ရင်လဲ
ရှမ်းပြည်နယ်ဟာ ဘယ်လောက်အထိ နစ်နာနေကြောင်းကို အောက်ပါစာရင်းနဲ့
ထပ်လောင်းတင်ပြပါရစေ။
သစ်တောလုပ်ငန်း
သတ္တုလုပ်ငန်းပြီးတဲ့နောက်
ဒုတိယလုပ်ငန်းဖြစ်တဲ့ သစ်တောလုပ်ငန်းကို တင်ပြဝေဖန်ရမယ်ဆိုရင်လဲ ရှမ်းပြည်နယ်မှာ
သစ်တောတွေဟာ ဘယ်လောက်အထိပေါများ ကြွယ်ဝတယ်ဆိုတာကို ပထမဆုံး တင်ပြပါရစေ။ ၁၉၃၈-၃၉
ခုနှစ် စာရင်းအရဆိုရင် သစ်တောရဲ့ အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ၁၉၀၃၆ ဖြစ်ပြီး
သစ်တောလုပ်ငန်းမှ ရှမ်းအစိုးရက ရရှိတဲ့ အခွန်တော်ငွေကတော့ ၁၁ သိန်းကျော်ဖြစ်ပါတယ်။
အဲဒီလောက် ပေါများကြွယ်ဝတဲ့
သစ်တောတွေဟာ ရှမ်းပြည်မှာ ရှိပေမဲ့လဲ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ
လုပ်ကိုင်နိုင်ဖို့ အခွင့်အာဏာကိုတော့ သတ္တုလုပ်ငန်းနည်းတူပင် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေအရ ရှမ်းအစိုးရက မရရှိပါဘူး။ ဗဟိုအစိုးရကသာလျှင်
တိုက်ရိုက်ထုတ်လုပ်ပိုင်ခွင့်ရှိပါတယ်။
ပြီးတော့ သစ်တောတွေက ထွက်တဲ့
အကျိုးအမြတ်တွေနဲ့ အခွန်ငွေတွေကို နယ်ချဲ့ခေတ်ကိုလိုနီ ဘဝတုံးက ဘယ်သူတွေ
ခံစားကြရသလဲဆိုရင် အကျိုးအမြတ်တွေကို နယ်ချဲ့အရင်းရှင် ကုမ္ပဏီတွေက ခံစားရပြီး
အခွန်ငွေများကို ရှမ်းပြည်နယ်အစိုးရက ရပါတယ်။ လွတ်လပ်ပါပြီဆိုတဲ့ ပြည်ထောင်စုခေတ်ကျတော့
အကျိုးအမြတ်တွေကို “S.T.B”ခေါ်တဲ့ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့က ရရှိပြီး
အခွန်ငွေတွေကိုတော့ ဗဟိုအစိုးရက ရရှိတဲ့အတွက် ရှမ်းပြည်သူနဲ့ ရှမ်းအစိုးရဟာ
အကျိုးအမြတ်ရော အခွန်ငွေကိုပါ တပြားတချပ်မျှပင် မရရှိပဲ ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်ဟာ သဘာဝအားဖြင့် သစ်တောတွေနဲ့ စိမ်းလန်းစိုပြေနေပေမဲ့လဲ
ရှမ်းပြည်သူတွေဟာ လူစင်မမှီလူတန်းမစေ့ ဖြစ်နေရတယ်ဆိုတာကို
အထူးထုတ်ဖော်တင်ပြလိုပါတယ်။
ဒီနေရာမှာလဲ “ပြည်နယ်ထောက်ပံ့ကြေး”ကိစ္စနဲ့
ပတ်သက်ပြီး စောဒက တက်နိုင်ပါတယ်။ ဒါကိုလဲ သက်ဆိုင်တဲ့ ဂဏ္ဍကျမှပဲ အကျယ်တဝင့်
ရှင်းလင်းတင်ပြပါရစေ။
လယ်ယာခြံမြေလုပ်ငန်း
သစ်လုပ်ငန်းကို တင်ပြပြီးနောက်
တတိယအချက်ဖြစ်တဲ့ လယ်ယာခြံမြေစိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်တင်ပြပါရစေ။
စိုက်ပျိုးရေးလုပ်ငန်းကို နောက်ဆုံးမှ
တင်ပြပေမဲ့လဲ ဒီလုပ်ငန်းဟာ သတ္တုလုပ်ငန်း၊ သစ်တောလုပ်ငန်းတွေနဲ့ အခြားအရေးကြီးတဲ့
လုပ်ငန်းကြီးဖြစ်ကြောင်းကို သတိပြုစေလိုပါတယ်။
ဒီ စိုက်ပျိုးရေးလုပ်ငန်းမှာ
ဘာတွေပါဝင်သလဲဆိုရင် ဆန်စပါး၊ ဂျုံ၊ ကုလားပဲ၊ မြေပဲ၊ အာလူး၊ ကြက်သွန်၊ ကော်ဖီ၊
လဖက်ခြောက်၊ သနပ်ဖက်၊ နာနတ်သီး၊ လိမ္မော် အစရှိတဲ့ ခြံယာလယ်မြေလုပ်ငန်းတွေ
မြောက်များစွာပါဝင်ပါတယ်။ ရှမ်းပြည်နယ်လူဦးရေရဲ့ ၈၀ ရာခိုင်နှူန်းဟာ ဒီ
စိုက်ပျိုးရေးလုပ်ငန်းအပေါ်မှာ အဓိကအားဖြင့် မှီခိုလုပ်ကိုင်
စားသောက်နေရပါတယ်။
ဒီ ခြံယာလယ်မြေ
စိုက်ပျိုးရေးလုပ်ငန်းကိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ
ရှမ်းပြည်သူနှင့် ရှမ်းအစိုးရဟာ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း
သိရှိရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်သူတွေအတွက် ကံဆိုးမိုးမှောင်ကျချင်လာတော့
မမျှော်လင့်ပဲ ၁၉၅၆ ခု မတ်လ အတွင်းမှာ ရှမ်းပြည်နယ်မြေရဲ့ စိုက်ပျိုးရေးမြေ
ဧကပေါင်း တသန်းကို “ဗမာ-အစ္စရေးလ် စီးပွားရေးစာချုပ်”အရ
အစ္စရေးလ်အရင်းရှင်တွေထံ ဝကွက်လို့ အပ်ခြင်းခံခဲ့ရပါတယ်။
ဧက တသန်းဆိုတာဟာ ရှမ်းပြည်ရဲ့
စိုက်ပျိုးနိုင်တဲ့ မြေဧကပေါင်းအားလုံးရဲ့ တဝက်ခန့်ဖြစ်ပါတယ်။
ရှမ်းပြည်သူတွေအတွက် ဒီလောက်တောင် အရေးကြီးတဲ့ ကိစ္စကြီးမှာတောင် ဖဆပလ ဗဟို
အစိုးရဟာ ရှမ်းပြည်သူတွေနဲ့ ရှမ်းအစိုးရကို တရားဝင် တင်ကြိုဆွေးနွေးခြင်း၊ ဆန္ဒကို
ရယူခြင်း လုံးဝမပြုပဲ သူ့ တဦးတည်းသဘောအရ စိတ်ထင်သလို ခြယ်လှယ်လုပ်ကိုင်သွားတာကို
တွေ့ရပါတယ်။ ဒါဟာ ရှမ်းပြည်သူတွေရဲ့ အခွင့်အရေးကို တမင်စော်ကားလိုက်ခြင်း
ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ မြေယာကို နိုင်ငံသားတွေကသာ
စိုက်ပျိုးလုပ်ကိုင်ရမယ်ဆိုတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို တိုက်ရိုက်ချိုးဖောက်လိုက်ခြင်း
ဖြစ်ပါတယ်။
အဲဒါကြောင့်လဲ ဒီ “ဗမာ-အစ္စရေးလ်
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်”ကို ရှမ်းပြည်က ကျောင်းသားတွေ၊
အလုပ်သမာတွေ၊ လယ်သမားတွေ အစရှိတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေက တခဲနက်
ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဖဆပလ အစိုးရဟာ ဒီ ကန့်ကွက်ချက်တွေကို လျစ်လျူရှုပြီး
ဇွတ်အတင်းလုပ်ကိုင်ခဲ့ပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဖဆပလ
ဗဟို အစိုးရဟာ ပြည်နယ်ကိစ္စနဲ့ ပတ်သက်လာလို့ သူတို့ မလုပ်ပေးချင်တဲ့
အခါများဆိုရင် “ဒါကတော့ ပြည်နယ်အတွင်းရေး ကိစ္စမို့ ဝင်မစွက်ဖက်ပါရစေနဲ့။
စွက်ဖက်ဖို့လဲ လုံးဝ မလိုလားပါဘူး”ဆိုတဲ့ ဆင်ခြေတွေကို ပေးပေးပြီး
ဝင်ရောက်စွက်ဖက်ချင်တဲ့ အခါများဆိုရင်တော့ (အားလုံးသိကြတဲ့ အတိုင်းပါပဲ)
တဦးတည်းသဘောအရ ထင်သလို ခြယ်လှယ်သွားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်နယ်တွေကို
ယဉ်ယဉ်ကလေးနဲ့ စော်ကားလိုက်ခြင်းပါပဲ။
ဒါကြောင့် စီးပွားရေးလုပ်ငန်းနဲ့
ပတ်သက်ပြီး ဖဆပလ ဗဟို အစိုးရဟာ “ဗမာ-အစ္စရေးလ် စာချုပ်”ကိစ္စမျိုးလို ရှေ့ကိုလဲ
ထပ်မံ၍ စော်ကားမော်ကားမလုပ်ဘူးလို့ ဘယ်သူက အာမခံချက်ပေးနိုင်မှာလဲ။
အဲဒါကြောင့် ဒီ လူမျိုးစုပေါင်းစုံ
အစည်းအဝေးကြီး ကနေပြီး ဒီ ကိစ္စမျိုးကို လေးလေးနက်နက် စဉ်းစားနိုင်ရန် တင်ပြရခြင်း
ဖြစ်ပါတယ်။
ပြည်နယ်ထောက်ပံ့ကြေး
သဘာပတိနဲ့ ဘဝတူ တိုင်းရင်းသား
လူမျိုးစုများ ခင်ဗျား။
အထက်ပါ ရှမ်းပြည်ရဲ့ အဓိက အသက်သွေးခဲ
လုပ်ငန်းသုံးရပ်ကို ရှင်းလင်းတင်ပြပြီးတဲ့နောက် စောစောပိုင်းက
ကျနော်ရည်ညွှန်းပြောဆိုခဲ့တဲ့ “ပြည်နယ်ထောက်ပံ့ကြေး”ကိစ္စကို ဆက်လက်တင်ပြ အစီရင်ခံသွားပါမယ်။
“ထောက်ပံ့ကြေး”ဆိုကတည်းကိုက လူကြီးမင်းတို့
သိရှိကြတဲ့အတိုင်း (Liability)လို့ခေါ်တဲ့ ပေးရန်တာဝန် အနေနဲ့ မဟုတ်ပဲ
စေတနာအလျှောက် ဗဟိုအစိုးရက ပြည်နယ်တွေကို ပေးကမ်းစွန့်ကြဲ ထောက်ပံ့ခြင်းလို့
အနက်အဓိပ္ပါယ်ရပါတယ်။ ဒါကတင် စီးတဲ့သဘော၊ အသားယူတဲ့ သဘောဖြစ်ပါတယ်။
ဒီအချက်ကို ပိုပြီးရှင်းအောင်
တင်ပြပါအုံးမယ်။ နယ်ချဲ့ခေတ် ကိုလိုနီဘဝတုံးက ရှမ်းအစိုးရနဲ့
ဗမာပြည်မအစိုးရတို့ရဲ့ ဘဏ္ဍာရေးအဆက်အသွယ်ဟာ ၁၉၄၀-၄၁ ခုနှစ်မှာ ဘယ်လောက်အထိ
ရှိတယ်ဆိုတာ ကျနော်တင်ပြလိုပါတယ်။ အဲဒီ ဘဏ္ဍာတော်နှစ်မှာပဲ ရှမ်းအစိုးရက
ပြည်မအစိုးရထံမှ ရပိုင်ခွင့်အနေနဲ့ အချိုးကျ အခွန်တော်ငွေ ရခဲ့တာကတော့-
၁။
ထွက်ကုန်ဝင်ကုန်မှ ရရှိတဲ့ ဆိပ်ကမ်းအကောက်ခွန် စုစုပေါင်း၏ ၇ ရာခိုင်နှူန်း။
၂။
ဆား၊ သကြား၊ ငွေသားနှင့် စီးကရက်တို့အပေါ်မှ ရရှိတဲ့ နိုင်ငံတွင်းအခွန်တော်ငွေ၏ ၆.၇
ရာခိုင်နှူန်း။
၃။
ရှမ်းပြည်သို့ တင်ပို့သော ဓာတ်ဆီ၊ ရေနံဆီနှင့် မီးခြစ်များမှ ရရှိတဲ့ အခွန်တော်ငွေ
အားလုံး။
၎။
နမ္မတူ-ဘားမား ကော်ပိုရေးရှင်းမှ ရရှိသော အမြတ်တော်ခွန်၏ ၉၉ ရာခိုင်နှူန်း။
၅။
ရှမ်းပြည်အတွင်းရှိ အစိုးရအမှုထမ်းများနှင့် မီးရထားဌာနအမှုထမ်းများထံမှ ရရှိသော
အမြတ်ခွန်အားလုံး။
၆။
ရှမ်းပြည်၌ ရောင်းရသော အစိုးရ သိန်းထီငွေ၏ ၄၀ ရာခိုင်နှူန်း။
၇။
ရှမ်းပြည်သို့ တင်ပို့သည့် တိုင်းရင်းဖြစ် သေရည်သေရက်များမှ ရရှိသော
ယစ်မျိုးခွန်အားလုံး။
၈။
နိုင်ငံခြားသို့ တင်ပို့သော ချိပ်အပေါ်မှ ရရှိသည့် ထွက်ကုန်အကောက်တော်၏ ၉၃.၁ ရာခိုင်နှူန်း။
၉။
နိုင်ငံခြားသို့ တင်ပို့သော ရှားအပေါ်မှ ရရှိသည့် ထွက်ကုန်အကောက်တော်၏ ၂
ရာခိုင်နှူန်း။
၁၀။
မြန်မာပြည် မီးရထားမှ ရရှိသော အမြတ်တော်ငွေ၏ ၇ ရာခိုင်နှူန်း။
၁၁။
မြန်မာပြည် စာတိုက်၊ ကြေးနန်းဌာနမှ ရရှိသော အမြတ်ငွေ၏ ၇ ရာခိုင်နှူန်း။
၁၂။ ငွေဒင်္ဂါးဌာနမှ
မြန်မာပြည်အစိုးရက အိန္ဒိယအစိုးရထံမှ အမြတ်ငွေရသည့်အခါ ၅ ရာခိုင်နှူန်း။
စသည်ဖြင့် အချိုးကျရခဲ့တာဟာ
စုစုပေါင်း ၅၈၈၈၀၀၀ိ/ ခြောက်သန်းနီးပါးဖြစ်ပါတယ်။
ရှမ်းအစိုးရက မြန်မာပြည်အစိုးရကို
အဲဒီ ဘဏ္ဍာတော်နှစ်အတွင်းမှာပဲ “ပေးရန်တာဝန်”အနေနဲ့ ပြန်ပြီး အချိုးကျပေးခဲ့ရတာကတော့-
၁။
ဆိပ်ကမ်းအကောက်တော်ဌာန ကုန်ကျစရိတ် စုစုပေါင်း၏ ၆.၂ ရာခိုင်နှူန်း။
၂။
ဆား၊ သကြားနှင့် မီးခြစ်အပေါ် အကောက်တော် ကောက်ရာတွင် ကုန်ကျသော စရိတ်ငွေ၏ ၆.၂
ရာခိုင်နှူန်း။
၃။
မြန်မာပြည် မီးရထားဌာန ရှုံးငွေ၏ ၇ ရာခိုင်နှူန်း။
၎။
စာတိုက်၊ ကြေးနန်းဌာန ရှုံးငွေ၏ ၇ ရာခိုင်နှူန်း။
၅။
မီးရထား၊ စာတိုက်ကြေးနန်းအတွက် အိန္ဒိယသို့ ပေးဆပ်ရသော အကြွေးငွေ၏ ၇ ရာခိုင်နှူန်း။
၆။
အိန္ဒိယပြည်သို့ မြန်မာပြည်က ပေးဆပ်ရသော အကြွေးငွေ၏ ၆.၈ ရာခိုင်နှူန်း။
၇။
ကာကွယ်ရေးဌာနတွင် ခရိယာန်ဘာသာရေးအတွက် ထောက်ပံ့စရိတ်၏ ၆.၈ ရာခိုင်နှူန်း။
၈။
မြန်မာပြည်အစိုးရ၏ နိုင်ငံခြားရေးရာ ကိစ္စအတွက် ကုန်ကျစရိတ်ငွေ၏ ၆.၈ ရာခိုင်နှူန်း။
၉။
သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကုန်ကျစရိတ်ကို လူဦးရေအချိုးအစားအတိုင်း၏
ရာခိုင်နှူန်း။
၁၀။
ငွေဒင်္ဂါးသွန်းလုပ်ရေး၌ အိန္ဒိယသို့ မြန်မာပြည်အစိုးရက ပေးရသော ငွေ၏ ၅ ရာခိုင်နှူန်း။
၁၁။
ပင်စင်လစာများအတွက် အိန္ဒိယသို့ မြန်မာပြည်အစိုးရက ပေးသွင်းရသော ငွေ၏ ၆.၈
ရာခိုင်နှူန်း။
၁၂။
ကာကွယ်ရေးဌာန ကုန်ကျစရိတ်၏ ၆.၈ ရာခိုင်နှူန်း။
စသည်ဖြင့် အချိုးကျအတိုင်း
ပေးခဲ့ရတာဟာ စုစုပေါင်း ၂၃၈၂၀၀၀ိ/ နှစ်သန်းကျော် ဖြစ်ပါတယ်။
ဒါတွေအားလုံးကို ပြန်ပြီး
ဆန်းစစ်လိုက်ရင် ကိုလိုနီခေတ်တုံးက ရှမ်းပြည်နဲ့ မြန်မာပြည် ဘဏ္ဍာရေးအဆက်အသွယ်ဟာ
ပေးကမ်း “ထောက်ပံ့”တဲ့ သဘောမျိုးမဟုတ်ပဲ “ပေးရန်တာဝန်နဲ့
ရရန်ပိုင်ခွင့်”သဘောမျိုးဖြစ်ကြောင်း အထင်အရှားတွေ့ရပါတယ်။
ကိုလိုနီဘဝတုံးက ရှမ်းပြည်ဟာ
ရရန်ပိုင်ခွင့်အနေနဲ့ ရယူခွင့်ရှိခဲ့တာကို လွတ်လပ်ပြီဆိုတဲ့
ပြည်ထောင်စုခေတ်ကျမှ “ထောက်ပံ့ကြေး”ဆိုတဲ့ စကားလုံးကို
သုံးလိုက်တာဟာ စကားလုံးအရတောင် လိုက်ပြီး အနှိမ်ခံနေရတဲ့အတွက် အတော်ပဲ
ဝမ်းနည်းစရာကောင်းပါတယ်။
ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။
လက်တွေ့အားဖြင့်လဲ လွတ်လပ်တယ်ဆိုတဲ့ ပြည်ထောင်စုခေတ်ကို ရောက်ခါမှ ရှမ်းအစိုးရနဲ့
ဗဟိုအစိုးရတို့ ဘဏ္ဍာရေးအဆက်အသွယ်ဟာ သာတူညီမျှ သဘောမျိုး၊ အချိုးကျသဘောမျိုး မဟုတ်ပဲ
ပြည်နယ်ဖက်ကသာ တဖက်သတ်နစ်နာနေကြောင်း တင်ပြပါရစေ။
ရှမ်းအစိုးရက ဗဟိုအစိုးရထံမှ
နှစ်စဉ်ရခဲ့တဲ့ “ထောက်ပံ့ကြေး”ခေါ် ရပိုင်ခွင့်တွေဟာ လူဦးရေအလိုက်
တကယ်ရသင့်တာထက် များစွာလျော့နည်းပြီးရခဲ့ကြောင်းကို အောက်ပါစာရင်းအရ
သိရှိနိုင်ပါတယ်။
Table 3
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။