Wednesday, January 9, 2013

KNU ခေါင်းဆောင်သစ်တို့နှင့် အစိုးရတို့ တွေ့ဆုံမှုအပေါ် KWAG ကျေနပ်



မကြာသေးမီက အသစ်တက်လာသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိပ်ပိုင်းခေါင်းဆောင်သစ်တို့အား မြန်မာအစိုးရ သမ္မတဦးသိန်းစိန်မှ ဖိတ်ကြား၍ တွေ့ဆုံခဲ့မှု အပေါ် ကျေနပ်မိကြောင်း ကရင်အမျိုးသမီးများ ဖွံ့ဖြိုး ရေးအဖွဲ့- KWAG က ယနေ့ ပြောကြားလိုက်သည်။

KWAG ဒါရိုက်တာ နော်စူစဲနာလှလှစိုးက “ယခု တက်လာတဲ့ KNU ခေါင်းဆောင်အသစ်တွေကို သမ္မတက ဖိတ်ခေါ် တွေ့တယ်ဆိုတာကို ကျမတို့ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ KNU ဟာ သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ကို တွေ့ တဲ့အခါမှာ ကချင်အရေးကိစ္စကို ဆွေးနွေး တယ်ဆိုတော့ ဒါတိုင်းရင်းသားတွေအတွက် သူတို့ Advocacy လုပ်ပေးနိုင် မယ်လို့လည်း ယုံကြည်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။


KNU အဖွဲ့နှင့် တွေ့ဆုံစဉ် အစိုးရ၏ လမ်းပြမြေပုံကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးကြရန် သမ္မတ ဦးသိန်းစိန်က ပြောဆိုသော်လည်း KNU ဘက်က လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပကပါ ထိရောက်အောင် ဆွေးနွေးသွားမည်ဟု တုံ့ပြန်ခဲ့သည့်အပေါ်၌လည်း KWAG အနေဖြင့် ကျေနပ်အားရမိကြောင်း ဆရာမစူစဲနာလှလှစိုးက ဆက်လက် ပြောဆိုသည်။

အဆိုပါ KNU အဖွဲ့သည် သမ္မတဦးသိန်းစိန် အပါအ၀င် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ (Myanmar Peace Center)တွင် တောင်ကလေးဆရာတော် ဦးပညာသာမိ အပါအဝင် မီဒီယာများ၊ ၈၈ ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်ဟု သိရသည်။

လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့မှုအပေါ် ကေအဲန်ယူမှ ပဒိုစောလှထွန်းက “အခုတက်လာတဲ့ ကျနော်တို့ KNU ခေါင်းဆောင်သစ်တွေ သမတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ နေပြည်တော်မှာ သွားတွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို သူတို့(လူမှုအဖွဲ့)လည်း သိချင်ကြတယ်လေ။ ဒါကြောင့် အချိန်နည်းနည်းယူပြီး သွားရှင်းပြပေးတာ ဖြစ်တယ်”ဟု ပြောသည်။

သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ KNU ဥက္ကဌ စောမူတူးစေးဖိုး အပါအဝင် ခေါင်းဆောင်အချို့က ထိုင်း-မြန် မာနယ်စပ်မှ နေပြည်တော်သို့ ဇန်နဝါရီလ ၃ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ ၅ ရက် နေ့မနက်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနများမှ ၀န်ကြီး များနှင့်လည်းကောင်း၊ ညနေဘက်တွင် ကြိုတင် သတ်မှတ်ထားသည့်အတိုင်း သမ္မတ အပါအ၀င် သမ္မတရုံး ၀န်ကြီး များနှင့် တွေ့ဆုံခဲ့ကြသည်။

၆ ရက်နေ့မနက်တွင် မြန်မာ့တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်သည့် စစ် ဖက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြကာ ရန်ကုန်မှတဆင့် ကရင်ပြည်နယ် နယ်စပ်နေရာ သို့ ယနေ့ညနေတွင် ပြန်လည်ရောက်ရှိလာသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။