Friday, January 4, 2013

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၄ (တောင်ကြီး ဦးထွန်းမြင့်)

(Kachinland)

စီးပွားရေးပိုင်း

သဘာပတိနှင့် ဘဝတူ တိုင်းရင်းသားလူမျိုးစုများ ခင်ဗျား။

ရှမ်းအမျိုးသားတွေဟာ နိုင်ငံရေးအရ ဘယ်လိုဘဝမျိုးမှာ ကျရောက်ခံစားနေရတယ်ဆိုတာကို တင်ပြပြီးခဲ့တဲ့နောက် စီးပွားရေးအရ ဘယ်လို ဆုံးရှုံးနစ်နာနေရတယ်။ ဘယ်လို သွေးစုပ်ခံနေရတယ်ဆိုတဲ့ အချက်ကို ဆက်လက်ပြီး တင်ပြပါရစေ။

ပြည်ထောင်စုထဲမှာ ပါဝင်နေကြတဲ့ ပြည်နယ်များအနက် ရှမ်းပြည်နယ်ဟာ စီးပွားရေးအားဖြင့် အတောင့်တင်းဆုံး၊ သယံဇာတ ပစ္စည်းဥစ္စာတွေ အပေါများအကြွယ်ဝဆုံး ပြည်နယ်ဖြစ်တယ်ဆိုတာကို တိုင်းရင်းသားလူမျိုးစုများအားလုံးက သိရှိကြပြီး ဖြစ်ပါတယ်။ ပြီးတော့ ရှမ်းပြည်ရဲ့ အဓိကအသက်သွေးကြော စီးပွားရေးလုပ်ငန်းတွေဟာ -
(၁)     သတ္တုတွင်းလုပ်ငန်း။
(၂)     သစ်တောလုပ်ငန်းနှင့်
(၃)     လယ်ယာခြံမြေ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်တယ်ဆိုတာကိုလဲ တိုင်းရင်းသားလူမျိုးစုအားလုံး သိရှိကြပြီး ဖြစ်ပါတယ်။


အဲဒီ စီးပွားရေးလုပ်ငန်းတွေမှာ “ရှမ်းပြည်သူတွေလဲ ခံစားရပါတယ်”ဆိုတဲ့ နာမည်ကလေးခံနိုင်ရုံ အရိုးအရင်းလောက်သာ ခံစားရပြီး အဆီအနှစ်တွေကိုတော့ လုံးဝမခံစားရတဲ့ အကြောင်းကို ကျနော် တစ်ခုစီ ရှင်းလင်းတင်ပြသွားပါမယ်။

သတ္တုတွင်းလုပ်ငန်း

ပထမဆုံးအနေနဲ့ သတ္တုတွင်းလုပ်ငန်းကို တင်ပြပါမယ်။ ရှမ်းပြည်ရဲ့မြေတွင်းရှိ မကုန်မခမ်းနိုင်တဲ့ ရတနာအဆီအနှစ်တွေဟာ မခန့်မှန်းနိုင်လောက်အောင် ဘယ်လောက်ထိ ပေါများကြွယ်ဝတယ်ဆိုတာကို ဦးစွာဖော်ပြလိုပါတယ်။ ရှမ်းပြည်နယ် အဓိကအပါအဝင် သီးခြားဒေသများမှ ၁၉၃၅-၁၉၄၀ ခုနှစ်အတွင်း နှစ်စဉ်ပျှမ်းမျှထွက်တဲ့ ဓါတ်သတ္ထုတန်ချိန်နဲ့ တန်ဖိုးငွေဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
 Table 1
ဒါတွေဟာ နယ်ချဲ့ခေတ်က ထွက်ခဲ့တဲ့ သတ္ထုအမျိုးအစားနဲ့ အရေအတွက်သာ ဖြစ်ပါသေးတယ်။ မတူးဖော်ရသေးတဲ့ တွင်းထွက်အဆီအနှစ် ရတနာတွေဟာလဲ မခန့်မှန်းနိုင်လောက်အောင် အမြောက်အများရှိပါသေးတယ်။

၁၉၃၃ ခုနှစ် ဒေါက်တာ ကော့ဂျင်နဲ့ ဆွန်ဒီ (Dr. Coggin and Sondhi) တို့ရဲ့ အိန္ဒိယပြည် ပထဝီဗေဒဆိုင်ရာ အစီရင်ခံစာများကို လေ့လာရင် ရှမ်းပြည်မြောက်ပိုင်းရဲ့ တွင်းထွက် အဆီအနှစ် ရတနာတွေဟာ မယုံကြည်နိုင်လောက်အောင် များပြားကြွယ်ဝကြောင်း သိရပါမယ်။

ပြီးတော့ ဂျီဗွီဟော့ဗဆွန် (G.V.Hovson) ရဲ့ ပထဝီဗေဒ အစီရင်ခံစာများကို ဖတ်ရှုလေ့လာရင်လဲ ရှမ်းပြည်တောင်ပိုင်းရဲ့ တွင်းထွက်သတ္ထုများဟာ အံ့ဖွယ်ဖြစ်လောက်အောင် တွေ့ရှိတူးဖော်နိုင်ကြောင်း တွေ့ရပါလိမ့်မယ်။

ဒီ အချက်အလက်တွေ၊ အစီရင်ခံစာတွေကို လေ့လာခြင်းအားဖြင့် ရှမ်းပြည်ရဲ့ မြေတွင်းအဆီအနှစ် ရတနာပစ္စည်းတွေဟာ မကုန်နိုင်မခန်းနိုင်အောင် ပေါများကြွယ်ဝလျက်ရှိကြောင်း ထင်ထင်ရှားရှားကြီး သိရှိရပါတယ်။

ဒါပေမဲ့ ဒီလောက် ပေါများကြွယ်ဝလှတဲ့ တွင်းထွက်အဆီအနှစ် ရတနာပစ္စည်းတွေကို ရှမ်းပြည်နယ်အစိုးရအနေနဲ့ တူးဖော်ထုတ်လုပ်နိုင်တဲ့ အခွင့်အာဏာတွေ မရရှိခဲ့ဘူး။ လက်ရှိ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ တတိယဇယားပါ စာရင်း (၁) နဲ့ (၂) အရ ပြည်နယ်တွေဟာ ဒီ ရတနာတွေကိုတူးဖော်ခွင့်၊ တိုးတက်အောင် ပြုလုပ်နိုင်ခွင့်တွေ မရှိပါဘူး။ ဗဟို အစိုးရမှာသာ ဒီ အာဏာတွေ ရှိတယ်။ လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါဟာ လက်ရှိ အခြေခံဥပဒေအရ ပြည်နယ်တွေမှာ စီးပွားရေးအာဏာမဲ့ပုံကို ဖော်ပြခြင်းတရပ်ပါပဲ။

လက်တွေ့အားဖြင့်လဲ ပြည်နယ်များအကျိုးမဲ့နေပုံကို အထူးထုတ်ဖော်တင်ပြလိုပါသေးတယ်။ လက်ရှိ အကျိုးမဲ့ပုံကို တင်ပြတဲ့နေရာမှာ ကိုလိုနီခေတ်က စီးပွားရေးအရ ရှမ်းပြည်ရဲ့ ခံစားရချက်တွေကိုလည်း စဉ်းစားဖို့ လိုပါတယ်။

ဥပမာအားဖြင့် ကိုလိုနီခေတ်က နမ္မတူ-ဘားမား ကော်ပိုရေးရှင်းဟာ တနှစ် တနှစ်မှာ သိန်းပေါင်း တရာကျော် အမြတ်ငွေ ရရှိခဲ့ကြောင်းကို အောက်ပါစာရင်းအရ သိရှိရပါတယ်။

၎ နှစ်အတွင်း ၁၉ ကြိမ်မြောက်အစီရင်ခံစာ အရ-
 Table 2

အဲဒီလို တနှစ်လျှင် သိန်း တရာကျော်ရတဲ့ အမြတ်ငွေတွေကို နယ်ချဲ့ခေတ်ကိုလိုနီဘဝတုံးက ဘယ်သူတွေ ခံစားရသလဲဆိုရင် နိုင်ငံခြားအရင်းရှင် ကုမ္ပဏီကြီးတွေက ရရှိခံစားရပါတယ်။ ရှမ်းပြည်သူတွေအဖို့ အဲဒီ အကျိုးအမြတ်ကို တပြားတချပ်မျှ မခံစားရပါဘူး။ နယ်ချဲ့အရင်းရှင် ကုမ္ပဏီကြီးနဲ့ မဆပလ အစိုးရတို့ရဲ့ ဖက်စပ်လုပ်ငန်းကြီးဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း ရတဲ့အမြတ်ငွေတွေကို အစုအစပ်ဝင်သူနှစ်ဦးသာ အကျိုးခံစားနေရပါတယ်။ ပိုပြီးဆိုးတာက နယ်ချဲ့ခေတ်ကိုလိုနီဘဝတုံးကဆိုရင် အဲဒီ အကျိုးအမြတ်ငွေတွေကို ရှမ်းပြည်သူတွေ မခံစားရပေမယ့် နမ္မတူသတ္တုတွင်းမှ ကောက်ခံရရှိတဲ့ အခွန်တော်ငွေရဲ့ ၉၉ ရာခိုင်နှူန်းကိုတော့ ရှမ်းအစိုးရက ရရှိခံစားရပါသေးတယ်။ လွတ်လပ်ပြီဆိုတဲ့ ဒီပြည်ထောင်စုခေတ်ကျမှ နမ္မတူသတ္တုတွင်းရဲ့အကျိုးအမြတ်တွေရော အခွန်တော်ငွေတွေကိုပါ ရှမ်းပြည်သူနဲ့ ရှမ်းအစိုးရတို့က လုံးဝ မခံစားရပဲ ဖြစ်သွားရပါတယ်။

တခြားသတ္တုတွင်းလုပ်ငန်းများနဲ့ ပတ်သက်လို့ ဆိုရင်လဲ အကျိုးအမြတ်ရော အခွန်တော်ငွေတွေကိုပါ ရှမ်းပြည်သူတွေ မခံစားရပါဘူး။ အကျိုးအမြတ်တွေကို (M.R.D.C) ခေါ်တဲ့ ဓါတ်သတ္တုပင်ရင်း အခြေအမြစ်တိုးတက်ရေး ကော်ပိုရေးရှင်းနဲ့ မြန်မာလူမျိုးအရင်းရှင်အချို့တို့ကသာ ခံစားကြရပါတယ်။ အခွန်တော်ငွေတွေကို ဗဟိုအစိုးရက ကောက်ယူခံစားခဲ့ပါတယ်။

ဒါတွေကြောင့် ရှမ်းပြည်နယ်က တွင်းထွက် အဆီအနှစ် ရတနာပစ္စည်းတွေ ဘယ်လောက်ပင် ပေါများကြွယ်ဝနေသော်လဲ ရှမ်းပြည်သူတွေကတော့ ဆင်းရဲမွဲတေလျက်ပင်ဖြစ်ကြောင်း အထူးထုတ်ဖော်တင်ပြလိုပါတယ်။

ဒီ နေရာမှာ စောဒကတက်နိုင်တဲ့ အချက်တခုကတော့ ရှိပါတယ်။ “ပြည်နယ်ထောက်ပံ့ကြေး”ကို ဘယ်နေရာမှာ သွားပြီးထားလိုက်သလဲလို့ မေးချင်ရင်လဲ မေးနိုင်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာ အခန်းကျမှပဲ အကျယ်တဝင့် ရှင်းလင်းတင်ပြပါရစေ။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။