Saturday, March 30, 2013

SSPP/SSA အား အစိုးရ စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)


ယမာန်နေ့ ညနေပိုင်း အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့ နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ တပ်ဖွဲ့တို့သည် လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“မတ်လ ၂၃ ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅ ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက် ပြန်တယ်။ (၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် လာတိုက်ပြန်တယ်။” ဟု ဆိုပါ သည်။


ဤတိုက်ပွဲများတွင် အစိုးရ၏ လားရှိုးမြို့ အခြေစိုက် ခလရ ၂၉၁ ၊ ခလရ ၃၃ ခမရ ၃၂၆ တပ်ရင်းတို့မှ အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၄) ကြောင်းဖွဲ့ကာ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲတွင် အစိုးရ ဖက်မှ ထိခိုက် ဒဏ်ရာ ရရှိမှုများစွာ ရှိသော်လည်း အတိအကျ မသိရသေးဟု ဆိုပါသည်။

အစိုးရသည် ၄င်းတို့၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး အစီစဉ်ကို  ရှမ်းပြည် အရှေ့မြောက် ပိုင်းတိုင်း (ရမခ) တိုင်းမှူးမှ တဆင့် လားရှိုးမြို့ ပေါ်ရှိ SSPP/SSA ဆက်ဆံရေးရုံးအား အကြောင်းကြား ခဲ့ပါသည်။ SSPP သည် အစိုးရမှ ဤသို့လုပ်လာ လိမ့်မည်ဟု နဂိုကတည်းက တွက် ဆ ထားကြောင်း ဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် ပထမတွင် လွယ်လန်း တောင်တန်း တဝိုက်ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တိုက်ပွဲများ စတင်ခဲ့ပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ထိုနေရာမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးခဲ့ပါသည်။ ဤရာဇသံကို  (ရမခ) တိုင်း တာဝန်ရှိ အရာရှိကြီး တစ်ဦးမှ လားရှိုးမြို့ ပေါ်ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံအား အကြောင်းကြား ခဲ့သည်။ 

SSPP သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာသဖြင့် သမ္မတထံ စာရေး အကြောင်းကြား ခဲ့ပါသည်။ စာကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် တကြိမ်နှင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် တကြိမ် နှစ်ကြိမ်ခန့် သမ္မတအား အကြောင်းကြား ခဲ့ပါသည်။ သို့သော် သမ္မတ၏ မည်သည့် အကြောင်းပြန်ကြားချက်မှ ယနေ့အထိ မရရှိခဲ့သေးကြောင်း ဗိုလ်မှူး စိုင်းလက ဆိုပါသည်။ 

တိုက်ပွဲများသည် ဖေဖော်ဝါရီလ ၂၁ ၊ ၂၂ နှင့် ၂၃ ရက်နေ့အထိ ဆက် တိုက် ဖြစ်ပွား လာခဲ့ရာမှ သမ္မတ ဦးသိန်းစိန်၏ မတ်လ ပြည်ပ ခရီးစဉ် အတွင်းတွင် ခေတ္တ ရပ်ဆိုင်းသွားသည်ဟု ဆိုရသော်လည်း မတ်လ ၁၂ ရက်နေ့နှင့်၊  ၁၃ ရက်နေ့တွင် တပ်ရင်း (၃) ရင်းဖြင့် SSPP လွယ်စေး တောင်တန်း စခန်းအား နှစ်ကြိမ်တိုင် တိုက်ခိုက် ခဲ့ပါသည်။

ဤကဲ့သို့ တိုက်ပွဲများ ရပ်ဆိုင်း ထားချိန်တွင်လည်း အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၁၇) မှူး ကိုယ်တိုင် ဦးဆောင်သော တပ်မ နှင့် အမြောက်တပ်တို့သည် ဖေဖော်ဝါရီလ ၂၇၊ ၂၈ ရက်နေ့တွင် မိုင်းရှုးမြို့ဝန်းကျင်၌ ထပ်မံ အင် အားဖြည့် ဆည်းခဲ့ပါသည်။ အလားတူ လားရှို့းမြို့နယ်နှင့် ကွန်ဟိန်းဖက်မှ ထွက်လာသော တပ်များထဲ၌ သံချပ်ကာ ကား ၂ စီး အပါဝင် တင့်ကား ၂ စီး ပါဝင်ကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ဆိုပါသည်။

ထို့အပြင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ တပ်ရင်း ၆ ရင်း လည်း တန့်ယန်းမြို့နယ် ပတ်ဝန်းကျင်နှင့် မိုင်းကောင်း မြို့နယ်ကြား တို့ အင်အား ဖြည့်တင်း နေရာ ယူ ထားခဲ့ပါသည်။

အလားတူ SSPP/SSA ဝမ့်ဟိုင်း ဗဟိုဌာနချုပ် ပတ်ပတ် လည်တွင် လည်း အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် ရပခ တိုင်းလက် အောက်ခံ စကခ ၁၇ တပ်ရင်းများ နှင့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရပခ တိုင်း လက်အောက်မှ စကခ ၂ တပ်ရင်း (၁၀) ရင်းခန့် နဂိုကတည်းက နေရာ ယူထားသည်ဟု SSPP/SSA က ဆိုပါသည်။

ဤသို့သော အခြေအနေများကြောင့် SSPP သည်  နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဦးအောင်မင်းအား ထပ်မံ စာရေး အကြောင်းကြား ခဲ့ပြန်ပါသည်။ အကြောင်း ထူးလာခြင်း မရှိသည့်အပြင် ထိုတောင်တန်းအား ရှင်းလင်း တော့မည် ဖြစ် ကြောင်း မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ပါသည်။

ဤသို့ကြောင့် SSPP ဒေသတွင် အစိုးရ တပ်အင်အား (၅၀၀၀) ထက်မနဲ နေရာ ယူထားကြောင်း စစ်ရေး အကဲခတ်များက ဆို ပါသည်။ ဤအခြေ အနေကို ကြည့်ခြင်း အားဖြင့် အစိုးရသည် KIA အား စစ်ဆင်ပြီးနောက် SSPP အား ထပ်မံ စစ်ဆင် သွားမည့် အခြေအနေဖြစ်နေကြောင်း တွက် ဆကြပါသည်။ 

SSPP သည် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပါသည်။ ဤကဲ့သို့ အပစ်အခတ် ရပ်စဲ ထားသော်လည်း အစိုးရသည် SSPP အား  အကြိမ်(၁၀၀) ကျော် တိုက်ခိုက်ခဲ့ သည်ဟု SSPP က ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။