Wednesday, March 27, 2013

နယ်မြေ ရှင်းလင်းရေး တိုက်ပွဲ ဆင်နွှဲရန် အစိုးရ အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)
 
လက်နက်ကိုင် တိုင်းရင်းသားများ တပ်စွဲထားသည့် ဒေသအား နယ်မြေ ရှင်းလင်းရေး တိုက်ပွဲများ စတင် ဆင်နွှဲမည်ဟု အရှေ့ မြောက်တိုင်း (ရမခ) တိုင်းမှူးက ယမာန်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အား ပြောကြား သွားခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောသည်။

“ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြောလာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ်လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ်တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါဟု ပြောကြား ထားကြောင်း” ဆိုပါသည်။



အစိုးရ တပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ၄င်းတို့ ရည်ရွယ် ထားသည့် နယ်မြေ ရှင်းလင်းရေး စီမံချက် အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း  မြဝတီ မီဒီယာတွင် ဖော်ပြ ခဲ့ပြီးနောက် ယမာန်နေ့က သက်ဆိုင်ရာ တိုင်းမှူးမှ  ထုတ်ဖော် ပြောကြား လိုက်ခြင်းဖြစ်သည်။
SSPP/SSA သည် လွယ်လန်း စခန်းမှ ဆုတ်ခွာ ပေးနိုင်မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြား ထားပြီး ဖြစ် သည်ဟု ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။

လွယ်လန်း စခန်း တောင်ကြောသည် ဝ နယ်နှင့် SSA တပ်ဖွဲ့များ အတွက် စစ်ရေး အရ အချက်အခြာ ကျသော နေရာဖြစ်သည် ဟု တရုတ်- မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုပါသည်။
“ ဒီ လွယ်လန်း စခန်းကနေ ဆုတ်ပေး လိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာ မရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲ ရှိတော့ တယ်။ အဲဒီတောင်ကို ရသွားရင် ဝ နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော် အတော် များများ အပေါ်စီ ရသွား တောပေါ့။ လက်နက်ကြီတွေ တင်ပြီး ပစ်ရင် ဝ နယ်ကို ခြိမ်းခြောက် နိုင်ပြီး ဖြစ်တယ်လို့ ” မတ်လ ၁၃ ရက်နေ့ထုတ် ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောကြားခဲ့သည်။

အစိုးရခမရ ၃၂၂ မှ အင်အား (၁၀၀) ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့၌  လွယ်လန်း တောင်အား စစ်ဆင် ခဲ့ ရာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့သည်။ ဤတိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင်လည်း ထိုနေရာမှ ဆုတ်ခွာပေး ရန် ရမခ တိုင်း ဗိုလ်မှူးကြီး တဦးက SSPP ၏လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံအား လာရောက် ပြောကြား ခဲ့ပြန်ပါသည်။

ဤကဲ့သို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လာခဲ့ချိန်တွင် အစိုးရသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထပ်မံ ရာဇသံ ပေးခဲ့ ပါသည်။ တချိန်ထဲ၌ စစ်တပ် အလုံးအရင်းဖြင့် SSA လွယ်လန်းတောင် တပ်စခန်းကို တပြေးညီ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းအပြင် မတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင်လည်း တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်း တိုက်နယ်ကြားရှိ SSA တပ်ရင်း ၁၉၂ အခြေစိုက်ရာ လွယ်စေးတပ် စခန်းအား အစိုးရ ခလရ ၂၉၁၊ ခလရ ၃၃၊ ခမရ ၃၂၆ တို့ ပူးပေါင်းပြီး လာရောက် တိုက်ခိုက်ရာ SSPP ၏ ချေမှုန်းခြင်းကို ခံခဲ့ရပါသည်။

ဤအခြေအနေမှ SSPP တပ်များက အလျှော့ပေးပြီး ဆုတ်လမ်း ပေးလိုက် သဖြင့် အစိုးရတပ်များ သက်သာရာ ရခဲ့ပါသည်။ ဤသို့ကြောင့် မတ်လ ၁၄ ရက်နေ့တွင် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက “ခင်ဗျာတို့ စခန်းကို တက်တိုက်တဲ့ ကျနော်တို့ စစ်ကြောင်းကို နောက်ဆုတ်ဖို့ ထွက်ပေါက်ပေးလို့ ကျေးဇူး တင်ကြောင်း၊ ရှေ့ဆက်ပြီး ခင်ဗျာတို့ကို နှောက်ယှက်မှု မပြုတော့ ကြောင်း” ပြောဆို သွားခဲ့သည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

 “သူတို့ လာတိုက်တာဘဲ ကျနော်တို့ဘက်က မတတ်နိုင်ဘူး။ ပြန်တိုက်ဖို့ဘဲ ရှိတော့တယ်လေ။ ဒီ ရယူထားတဲ့ အပစ်အ ခတ် ရပ်စဲရေး ဟာလဲ သူတို့ အစိုးရ တပ်ဖွဲ့တွေကဘဲ ဖျက်တယ် ဒီတော့ သူတို့ လာရောက် တိုက်ခိုက်တဲ့ အပေါ်မှာသာ မူတည် ပါတယ်။” ဟု ဗိုလ်မှူးက ဆိုပါသည်။

SSPP/SSA နှင့် အစိုးရ တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် အပစ် အခတ် ရပ်စဲ ခဲ့သော်လည်း  တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ကြ ပြီးလည်း ဖြစ်ပါသည်။

အစိုးရသည် SSPP အား ပြင်းထန်စွာ စစ်ဆင် လာပါက ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လည်း စစ်ဆင် ရေးထဲကို မလွဲမသွေ ပါလာမည်ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ယူဆကြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။