Thursday, March 28, 2013

တအာင်း ဘုံစာပေ ယဉ်ကျေးမှု နှင့် တအာင်း အမျိုးသား တော်လှန်ရေး

(ရွှေဟင်္သာသတင်းဌာန)


တအာင်း (ပလောင်) ဘုံစာပေနှင့် ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ပြီးခဲ့သည့် မတ်လ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ(၁၀) ကြိမ်မြောက် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံနှင့် ရွှေဖီလက်ဖက် ရာသီပွဲတော်ကို ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ် တွင် ကျင်းပ ပြီးစီးခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ တာဝင် ကျော်က ပြောသည်။

ထို ညီလာခံနှင့် ပွဲတော်တို့သည် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပ သွားခဲ့ပြီး တအာင်း တိုင်းရင်းသားများ တသောင်း ကျော် တက်ရောက် ခဲ့သည်။ ဤညီလာခံတွင် တအာင်း အမျိုးသားများ အတွက် ဘုံ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ သတ်မှတ်ရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။


“ကျနော်တို့ တအာင်း အမျိုးသားတွေ အတွက် တစ်ခုတည်းသော ဘုံ စာပေ၊ ဘာသာ စကား နဲ့ ယဉ်ကျေးမှုတွေ ရှိဖို့ လိုအပ်နေတဲ့ အတွက် ကြောင့် (၄) နှစ် တစ်ကြိမ် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံကို ပြုလုပ်ပေး လေ့ရှိခဲ့တယ်။ ဒီနှစ်ဆို (၁၀) ကြိမ်မြောက် ညီလာခံပင် ဖြစ်လာခဲ့ကြောင်း” တာဝင်ကျော်က ဆိုပါသည်။

အဆိုပါ ညီလာခံသည် ၁၉၇၂ ခုနှစ်တွင် တအာင်း မျိုးချစ်ပုဂ္ဂိုလ် တာပေါ့လ်ဆံ က ဦးဆောင် ကျင်းပ လာခဲ့ပြီး တအာင်း ဘုံ ဘာသာ စကား စာပေ အဖြစ် စန်းလုံ (Samlong) ကို အသုံးပြု သွားမည်ဖြစ် ကြောင်း ကို ရွေးချယ် အတည်ပြု ပေးနိုင်ခဲ့ သည်။

တအာင်း အမျိုးသားများ အသုံးပြုနေသော စာပေတွင် စန်းလုံ (Samlong) စာပေနှင့် ရူးမိုင်း (Rumai) ဟူ၍ စာပေ နှစ်မျိုး နှစ်စား ရှိပေသည်။ ဤ စာပေ ၂ မျိုးကို တစ်မျိုးတည်း ဖြစ်ပေါ်လာရန် တအာင်း အမျိုးသားများက ကြိုးပမ်း နေကြခြင်းဖြစ် ကြောင်း တာဝင်ကျော်က ဆိုသည်။

“ပလောင် လူမျိုးမှ တအာင်း လူမျိုး အဖြစ်သို့ သုံးစွဲခေါ်ဆို သွားဖို့ တူညီသော အမြင် တစ်ခု အဖြစ် လက်ခံခဲ့ပြီးဘဲ။ စာပေ ကျတော့ တစ်ခု ဖြစ်လာဖို့ လိုပါတယ်။ အဲတာကြောင့် ဘယ်လို ပူးပေါင်း လုပ်ဆောင် သွားကြမှာလဲ တအာင်း အမျိုးသား ခေါင်းဆောင်များရဲ့ အမြင်တွေ ဖလှယ်နိုင်ဖို့ ဒီ ညီလာခံကို ကျင်းပ လာခဲ့ ခြင်း ဖြစ်ကြောင်း” ဆိုပါ သည်။

စန်းလုံ ( Samlong) စာပေသည် ဘုံစာပေ အဖြစ် နှစ်ပေါင်း (၄၀) ကျော် သတ်မှတ် လာခဲ့ပြီး ဖြစ်သောကြောင့် ဆက်လက် အတည်ပြု သွားကြရန် တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့ ဥက္ကဌ တာအိုက်ဘုန်းက တိုက်တွန်း ထားပါသည်။

“တအာင်း အမျိုးသား တစ်ရပ်လုံး အတွက် ကြည့်ပြီး တအာင်း စာပေလဲ တစ်ခု ဖြစ်သွားစေချင်တယ်။ ဒါ့အပြင် တအာင်း အမျိုးသားနေ့ သတ် မှတ် သွား နိုင်ဖို့ အရေးကို ဆက်လက် ဆောင်ရွက် သွားဖို့ ကျန်ရှိ နေသေး ကြောင်း” ဆိုပါသည်။

တအာင်း အမည် နာမ အစနှင့် ပတ်သက်ပြီး တအာင်း အမျိုးသားများ အတွက် “မိုင်” ၊ တအာင်း အမျိုးသမီးများ အတွက် “ လွေး” တို့ကို အသုံးပြု သွားမည် ဖြစ်ပြီး တအာင်း စစ်ဖက် အရပ်ဖက် အရာရှိနှင့် အသက် (၇၀) ကျော် တအာင်း အဘိုးအိုများ တို့သည် “မိုင်” အစား “တာ” ဟု သုံးစွဲ ကြရန် ချမှတ် ထားကြောင်း သိရသည်ဟု တာအိုက် ဘုန်း က ပြောသည်။

ထိုညီလာခံသည် ရွှေဖီ လက်ဖက် ရာသီ ပွဲတော်နှင့် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံ တို့အား ပူးတွဲ ကျင်းပမည် ဖြစ်သောကြောင့် အနယ်နယ် အရပ်ရပ်ရှိ တအာင်း အမျိုးသားများက တက်ရောက် လာခဲ့ကြခြင်းဖြစ်သည်။

တအာင်း အမျိုးသား တပ်မတော်ကလည်း ညီလာခံ ပြီးဆုံးချိန်အထိ ကျင်းပ နိုင်ရန် ရည်စူးပြီး စစ်ရေး လှုပ်ရှားမှုများ မပြု လုပ်ရန်  ပြီးခဲ့ သည့် မတ်လ ၂၂ ရက်နေ့က တအာင်း အောက်ခြေ တပ်ဖွဲ့များအား အမိန့် ပေးထားကြောင်း စစ်ရုံးချုပ်မှ ထုတ်ပြန် ခဲ့သည်။

တအာင်း လူမျိုးတို့သည် ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း နေသည့် အချိန်တွင် တအာင်း အမျိုးသား ခေါင်းဆောင်ကြီး တောင်ပိုင် ( ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့) စော်ဘွားကြီး စဝ်ခွန်ပန်စိန်သည် မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းရေး အတွက် တောင်တန်းသားများကို ဦးစီး ခေါင်းဆောင် အဖြစ် သမိုင်းဝင် ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ပေးခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးပြီး နောက်ပိုင်း တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှု သည် လည်း ပြိုကွဲ သွားခဲ့ရသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင် စစ်အုပ်စုက နိုင်ငံတော် အာဏာကို သိမ်းယူချိန်မှ စတင်ပြီး တန်းတူ ညီမျှသော တအာင်း အမျိုးသားတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးလည်း လက်လွှတ် ဆုံးရှုံးခဲ့ ရသည်။

ဤသို့ကြောင့် တောင်ပိုင်း စော်ဘွားကြီး၏ မျိုးနွယ်ဖြစ်သော စဝ်ခွန် အေးနှင့် စဝ်ခွန်လီတို့က ဦးဆောင်ပြီး တအာင်း (ပလောင်) အမျိုးသား တပ်ဖွဲ့ Palaung National Force/ PNF ကို ၁၉၆၃ ခုနှစ် ဇန္နာဝါရီလ (၁၂) ရက်နေ့တွင် စတင် ဖွဲ့စည်း ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် တအာင်း (ပလောင်) အမျိုးသား စာပေ ယဉ်ကျေးမှု ညီလာခံကို စတင် ကျင်းပ နိုင်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် တအာင်း အမျိုး သား တပ်ဖွဲ့မှ တအာင်း ပြည်နယ် လွတ်မြောက်ရေး တပ်မတော် အဖြစ် တာခွန်သောင် က ခေါင်းဆောင်ကာ ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်း နိုင်ခဲ့သည်။

ထိုမှ တဆင့် မိုင်းသံလွင်၊ တာကျော်လှနှင့် ယခုလက်ရှိ တာအိုက်ဘုန်း တို့က ဥက္ကဌ အဖြစ် ဆက်လက် ဦးဆောင် လာခဲ့ သည်ဟု တအာင်း ဘက်က ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။